ချင်းအမျိုးသား တပ်ဦး၏ အရေးပေါ်ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး

ချင်းအမျိုးသား တပ်ဦး၏ အရေးပေါ်ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး
by -
ခိုနူမ်းထုန် သတင်း

ချင်းအမျိုးသားတပ်ဦး၏ အရေးပေါ်ညီလာခံကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၆ ရက် အထိအိန္ဒိယ – မြန်မာ နယ်စပ် တနေရာ တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရသည်။

cnf1
ညီလာခံသို့ ပြည်တွင်းပြည်ပမှ ချင်းကိုယ်စားလှယ် ပေါင်း ၁၅၀ ကျော် တက်ရောက်ပြီး လာမည့် ဇန္နဝါရီ ပထမပတ်အတွင်း မြန်မာအစိုးရနှင့် နှစ်ဖက် ပဏာမ တွေ့ဆုံဆွေးနွေးမည့်ကိစ္စကို အတည်ပြု ကြသည့် အပြင် ချင်းအမျိုး သားတပ်မတော် အင်အား တောင့်တင်းရေး နှင့် စီအဲန်အက်ဖ် ဖွဲ့စည်းမှူ ပုံသဏ္ဍာန်များကို ရေးဆွဲအ တည်ပြုခဲ့ကြကြောင်း သိရသည်။

“ ချင်းပြည်နယ်အစိုးရနဲ့ ဆွေးနွေးမည့်ကိစ္စကိုတော့ ညီလာခံ ကိုယ်စားလှယ်တော်အားလုံးနီးနီးက သဘောတူကြတယ်၊ ပြည်တွင်းငြိမ်းချမ်းရေး ကို ပြည်သူတွေကလည်း တောင့်တနေကြတယ်ဆိုတော့ စီအဲန်အက်ဖ်ရဲ့ သဘောတူချက်ကို လေး စားပါတယ်” ဟု ပြည်တွင်းကိုယ်စားလှယ်တဦးက ပြောသည်။

တဆက်တည်း“ အခုညီလာခံမှာ စီအဲန်အက်ဖ်က ပွင့်လင်းတယ်၊ အဖွဲ့အစည်းရဲ့ အားနည်ချက်တွေကို ၀န်ခံရဲကြတယ်၊ မကွယ်မဝှက်ဘူး၊ အဲဒါ ကောင်းတယ်” ဟု ပထမနေ့ ညီလာခံသဘာပတိ ဆလိုင်း ကစ်ခိုလျန်က ပြော သည်။

ချင်းအမျိုးသားတပ်ဦး၏ စတုတ္တအကြိမ်အထိ ကျင်းပသည့် ညီလာခံတိုင်းတွင် ပါတီဝင်တပ်မတော် သားများဖြင့် အများစု ကျင်းပလေ့ရှိသော်လည်း ယခု အရေးပေါ်ညီလာခံကို မူ အဖွဲ့ဝင်မဟုတ်သည့် ချင်းနိုင်ငံ ရေးခေါင်း ဆောင်များ၊ တတ်သိ ပညာရှင်များ၊ မျိုးနွယ်စုံ ဒေသစုံမှ ကိုယ်စားလှယ်များပါ၀င်ပြီး ကျင်းပကြ ကြောင်းသိရပြီး ချင်းအမျိုးသား နိုင်ငံရေး အင်အား ပိုမိုစုစည်းရေးကို ရည်စူးပြီး ကျင်းပရခြင်း ဖြစ်ကြောင်း ၄င်းတို့၏ ညီလာခံ ကျင်းပရခြင်း စာတမ်းတွင် ဖော်ပြထား သည်။

“ ဒီတခါထူးခြားချက်က ချင်းခေါင်းဆောင်တွေ၊ တတ်သိပညာရှင်တွေ၊ ၉၀ ရွေးကောက်ပွဲ အနိုင်ရ ချင်းလွှတ် တော်အ မတ်ဟောင်းတွေတက်ရောက်လာကြတာကိုပဲ၊ အမျိုသားတော်လှန်ရေးမှာ အင်တိုက်အားတိုက်ပါ၀င်ဖို့ ဆွေးနွေးကြတယ်” ဟု ညီလာခံ ကိုယ်စားလှယ်တဦးက ပြောသည်။

တဆက်တည်း ညီလာခံ ကျင်းပရေး ကော်မီတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆော်လမွန်က “ ကျတော်တို့ ညီလာခံ ကျင်းပတဲ့ ရည်မှန်းချက်အတိုင်း သွားပါတယ်၊ ချင်းအမျိုးသားနိုင်ငံရေး ဆွေးနွေးမှုထဲက အကြီးကျယ်ဆုံးဖြစ်မယ်လို့ ထင် တယ်” ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦ၏ ဦးဆောင်ဖွဲ့စည်းမှုပုံသဏ္ဍာန်နှင့် ပါတ်သက်ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မီတီ၏ လုပ်ငန်းအ ကောင်အထည်ဖော်ဆောင်မှုကို အဓိပတိကောင်စီ (Supreme Council ) ကကြီးကြပ်ကွပ်ကဲသွား မည်ဖြစ်ကြောင်း ညီလာ ခံက ထုတ်ပြန်ထားသည်။

တဆက်တည်း ထာဝရတည်တ့ံသည့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရနှင့် တိုင်းရင်းသား ပေါင်းစုံပါ၀င် သည့် ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ  ကျင်းပနိုင်ရေးကိုလည်း ထုတ်ပြန်ကျေ ညာ ချက်ထဲတွင် တောင်းဆိုထားသည်။

အရေးပေါ်ညီလာခံက အဓိပတိ ကောင်စီ ဥက္ကဌအဖြစ် အမတ်ကြီး ဒေါက်တာ ဇလှေထန်း၊ ဥက္ကဌ (၁) အဖြစ် အမတ်ကြီး ပူးလျန်အုပ်၊ ဥက္ကဌ (၂) အဖြစ် ဆလိုင်းကစ်ခိုလျန်၊ ဥက္ကဌ (၃) အဖြစ် ပူး နန်လျန်းထန်တို့ကို လည်းကောင်း အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် ပူး ဇင်ကျုံး၊  တွဲဘက် အထွေထွေ အတွင်းရေး မှူးချုပ်များအဖြစ် ပူး ပေါလ်ဆီထာ၊ ဒေါက်တာ ရွှေခါးနှင့် ပူး ခွါအုပ်လျန်တို့ အပါအဝင် ဗဟိုကော်မီတီဝင် ၄၆ ဦးဖြင့် ရွေးချယ်ဖွဲ့စည်းခဲ့ကြသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားများ ကိုယ့်ကြမ္မာကို ဖန်တီးပိုင်ခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရေ ပြည်ထောင်စု တည်ဆောက်ရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် အမျိုးသား လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲလာခဲ့သည်မှာ ဆယ်စုနှစ် နှစ် စု ကျော်သွားပြီး ဖြစ်သည်။