မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အမှန်တကယ် တည်ဆောက်လိုပါက ၂၁ ရာစု ပင်လုံညီလာခံကို အမြန်ဆုံးခေါ်ယူ ကျင်းပရန်လိုအပ်ကြောင်း ဇိုမီး အမျိူးသားကွန်ကရက် (ZNC) ပါတီကပြောဆို လိုက်သည်။
ယနေ့တွင် ကျရောက်သော ဇိုမီးအမျိူးသားကွန်ကရက် ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက်နှစ်ပတ်လည် နေ့တွင် ကြေညာချက်တရပ်ထုတ်ပြန်ပြီး ယခုလိုပြောဆိုလိုက်ခြင်းဖြစ်သည်။
၂၁ ရာစု ပင်လုံညီလာခံကျင်းပခြင်းသည် မြန်မာနိုင်ငံ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေ သော လက်နက်ကိုင်ပဋိပက္ခများ ချူပ်ငြိမ်းစေရန် အကောင်းဆုံး နှင့် တခုတည်းသောနည်းလမ်းဖြစ်သည်ဟု ZNC ရဲ့ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေကြသော နိုင်ငံရေး အကျဉ်း သားများ အားလုံးကို ချွန်းချက်မရှိလွတ်ပေးရန် အထူးသဖြင့် ၈၈ မျိူးဆက်ကျောင်းသား မင်းကိုနိုင်၊ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်၊ ကိုကျော်စိုး စသည့်ပုဂ္ဂိုလ်များ ချက်ချင်းလွှတ်ပေးရန် အစိုးရကို အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
ပြီးခဲ့သည့် ၂ဝ၁ဝ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျင်းပသော ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရန် တိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစု ခေါင်းဆောင်များအပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူများက သဘောတူလက်မှတ်ရေး ထိုးခဲ့ကြပြီး ကလေးမြို့ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ကြသည်။
ကလေးမြို့ကြေညာချက်တွင် “မြန်မာနိုင်ငံကို တပြည်ထောင် စနစ်လည်း မဟုတ်၊ ခွဲထွက်ရေး စနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယ ပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားကြရမည်” ဟု ဖော်ပြပါရှိသည်။
ယင်းကိစ္စကို အကောင်အထည်ဖော်နိုင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု အမျိူးသား ဒီမိုကရေစီ အဖွဲ့ချူပ် (NLD) ဒု-ဥက္ကဌ ဦးတင်ဦးကလည်း ပြီးခဲ့သည့်ရက်ပိုင်းကပြောဆိုခဲ့သည်။
ယနေ့တွင် ကျရောက်သော ZNC ပါတီ ၂၃ နှစ်ပြည့်မြောက် နှစ်ပတ်လည်အခမ်းအနားကို စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကျင်းပခဲ့ကြသည်ဟုသိရသည်။