ချင်းဘာသာရေးဆရာ မောင်းထုတ်မှု ယူအက်စ်ဒီပီ ပယောဂ မကင်း

ချင်းဘာသာရေးဆရာ မောင်းထုတ်မှု ယူအက်စ်ဒီပီ ပယောဂ မကင်း
by -
ခိုနူမ်ထုန် သတင်းဌာန

ဒေသအာဏာပိုင်တွေကအမေရိကန်နိုင်ငံသားခံ ယူပြီးသူ ချင်းဘာသာရေးတရားဟောဆရာတဦး အား ယခုလ စက်တင်ဘာ ၁၀ ရက်တွင် ဒေသမှ ပြန်လည်မောင်းထုတ်ခြင်းသည် ယူအက်စ်ဒီပီ ပါတီ၏ ပယောဂ ဖြစ်သည်ဟု ယူအက်စ်ဒီပီပါတီ ၀င်တဦးက ယခုလို ပြောပြသည်။

tial-lian-thang

” ဒါက ငါတို့ လူကြီးတွေ လုပ်တာဖြစ်မှာပါ၊  ပြည်နယ် ယူအစ်စ်ဒီပီ အစည်းအဝေးတခုမှာ ဘာသာရေး ခေါင်းဆောင် တွေက ချင်းပါတီတွေကိုအားပေးလို့ ယူအက်စ်ဒီပီ ရှူံးရတာပါ၊ ဒီတော့ တရားဟော ဆရာတွေကို အနီးကပ် စောင့်ကြည့်ရ မယ်လို့ ဆုံးဖြတ်ကြတယ်” ဟု သူကဆိုသည်။

ရွေးကောက်ပွဲအပြီး ပထမဆုံး ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်သည့် ပြည်နယ်အဆင့် ယူအက်စ်ဒီပီ အစည်းအဝေး တွင် ယခုကဲ့သို့ ဆုံးဖြတ်ကြခြင်းဖြစ်ကြောင်း သိရသည်။ ကျင်းပသည့် နေ့ရက်ကိုမူ အတိအကျ ပြောမပြလိုပေ။

ဆရာ တျာလ်လျန်းထန်သည် ချင်းပြည်နယ်ထန်တလန်မြို့ပေါ်ဇာတိ ဖြစ်ပြီး ယခုလပထမပတ်အတွင်း ဇာတိမြေကို လူမှုဗီဇာ အဖြစ် (Social Visa) ပြန်လည်ရောက်ရှိခြင်းဖြစ်ကြောင်း ထန်တလန်မြို့ပေါ် တွင် တရားဟောနေစဉ် ထန်တလန်မြို့ နယ် အတွင်းမှ နှင်ထုတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

”  ပြည်နယ်အမိန့်ဖြစ်တယ်၊ တိုင်ကြားတဲ့လူရှိလို့ခုလိုလုပ်ရတာပါ လို့မြို့နယ်အာဏာပိုင် တွေက ပြောကြတယ် ” ဟု ဆရာတျာလ်လျန်းထန်၏ ဆွေမျိုးတဦး က ပြောသည်။

ဆရာတျာလ်လျန်းထန်သည် ဇာတိမြေတွင် ဓမ္မတရားဟောကြားရန် ကိုယ့်စရိတ်ဖြင့် ရောက်ရှိလာ သူဖြစ်ပြီး ပြည်တွင်းတွင် နေထိုင်စဉ် အစိုးရ ဥပဒေနှင့် တစုံတရာညိစွန်းခြင်းမရှိကြောင်း ပြောကြ သည်။

” ဓမ္မတရားသက်သက်ပဲဟောတယ်၊ နိုင်ငံရေးပါတီကိစ္စတွေ ဘာမှ ပြောတာမရှိဘူး ” ဟု အသင်းတော် လူကြီးတဦးက ပြောသည်။

ယခုကိစ္စနှင့် ပါတ်သက်ပြီး ထန်တလန်မြို့ပေါ် အသင်းတော်သားများ အင်မတန် ၀မ်းနည်းကြကြောင်း၊ အစိုးရပါတီ၏ လုပ်ရပ်သည် ဘာသာရေးခွဲခြားမှုသာဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိသည်။

ဦးတျာလ်လျန်းထန်သည် ယခုလ ၁၀ ရက်နေ့တွင် ထန်တလန်မြို့မှ ဟားခါးမြို့၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဟားခါးမြို့ မှ တဆင့် ရန်ကုန်မြို့သို့ထွက်ခွါသွားသည်။