ချင်းပြည်နယ် ရှိ အဖိုးတန်သစ်မှ ရရှိမည့် ၀င်ငွေများ ဆုံးရှံးနေရသည့် အဆို လွတ်တော်သို့ တင်မည်

ချင်းပြည်နယ် ရှိ အဖိုးတန်သစ်မှ ရရှိမည့် ၀င်ငွေများ ဆုံးရှံးနေရသည့် အဆို လွတ်တော်သို့ တင်မည်
by -
ခိုနူမ်ထုန် သတင်းဌာန

ယခုလ ၂၂ ရက်နေ့တွင် ကျင်းပတော့မည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်း အဝေး၌ ချင်းပြည်နယ်အတွက် ဘဏ္ဍာငွေနစ်နာနေရသည့်သစ်တောကိစ္စနှင့် ပတ်သက်ပြီး ချင်းတိုးတက်ရေးပါတီက အဆို တစ်ရပ်တင်သွင်းသွားမည်ဟု သိရသည်။

“ကျနော်တို့ ချင်းပြည်နယ်ကထွက်တဲ့ သစ်တွေကိုစစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ကနေ ထုတ်ယူနေတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးသက်သေ အထောက်အထားတွေနဲ့ တင်ပြမှာပါ’’ ဟုချင်းတိုး တက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး (၂) ဦးရှိန်ထွန်းက ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ရှိ သစ်တောများကို ရခိုင်ပြည်နယ်မှလည်းကောင်း၊ မင်းတပ်နှင့် ကန်ပက်လက်မှ သစ်တောများကို မကွေးတိုင်းမှ လည်းကောင်း၊ ချင်းပြည်နယ်အထက်ပိုင်း တီးတီန်နှင့် တွန်းဇံမြို့နယ်မှထွက်ရှိသော သစ်တောများကို စစ်ကိုင်းတိုင်းမှလည်းကောင်း အသီးသီး ထုတ်ယူနေကြ သည်။

ချင်းပြည်နယ်တွင် အဖိုးတန်သစ်တောအမြောက်အများထွက်ရှိနေသော်လည်း အများစုကို အခြားပြည်နယ်နှင့် တိုင်းများမှ ထုတ်ယူသွားသည့် အတွက် ပြည်နယ်အတွက် သစ်တောမှရရှိမည့် ဘဏ္ဍာငွေများဆုံးရှုံးနေရသည် ဟု ဦးရှိန်ထွန်းက ပြောသည်။

“ချင်းပြည်နယ်က သစ်တောတွေဖြစ်ပေမယ့် အဲဒီကရတဲ့ ၀င်ငွေကို ချင်းပြည်နယ်မှာမဝင်ဘဲ မကွေးတိုင်း၊ စစ် ကိုင်းတိုင်းတို့မှာ ၀င်ဝင်သွားတာ လေ…ဒါကြောင့် သူတို့ GDP (ကုန်ထုတ်လုပ်မှု ပမာဏ) က မြင့်မြင့်သွား တာပေါ့’’ ဟုသူကပြောသည်။

ထို့ကြောင့် သစ်ထုတ်ယူခွင့်ကိစ္စကို ချင်းပြည်နယ်အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင်သာ ထားရှိနိုင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး သို့ တင်ပြရန် ယခုကဲ့သို့ စီစဉ်နေကြခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရ၊ သစ်တောဝန်ကြီး ဦးကျော်ငြိမ်းက အဆိုပါကိစ္စကို ပြည်နယ်အစိုးရသို့ တင်ပြခဲ့ဖူးသော် လည်း မည်သို့မျှ ထူးခြားမလာခဲ့ဟုသူက ဆက်ပြောသည်။ ပြည်နယ် သစ်တောဝန်ကြီး ဦးကျော်ငြိမ်းမှာ ချင်းတိုးတက်ရေးပါတီမှ ဖြစ်သည်။

ယခုတင်ပြမည့် ကိစ္စကို နိုင်ငံတော်အစိုးရမှ ခွင့်ပြုမည်ဆိုပါက ချင်းပြည်နယ်အနေဖြင့် ဗဟိုအစိုးရအား မှီခိုစရာမလိုဘဲ မိမိဘာသာ ရပ်တည်နိုင်မည့်အနေအထား ရှိသည်ဟု ဆိုသည်။

ချင်းပြည်သူအများစုသည် ချင်းပြည်နယ်တွင် အဖိုးတန်သယံဇာတများ ထွက်ရှိမှု မရှိဟု ပြောဆိုနေကြ သော်လည်း အမှန်အားဖြင့် ချင်းပြည်နယ်တွင် အဖိုးတန်သစ်တော အမြောက်အများ ရှိနေသည်ဟု ဦးရှိန်ထွန်း က ဆက်ပြောသည်။ ချင်းပြည်နယ်တွင် ကျွန်း၊ ပတောက်၊ အင်ကြင်း၊ ထင်းရှူးနှင့် သစ်ရာပင်များ အဓိက ထွက်ရှိသည်။

ချင်းတိုးတက်ရေးပါတီအနေဖြင့် လာမည့် လွှတ်တော်၌ တင်သွင်းမည့် အဆိုများနှင့် ပတ်သက်၍ သြဂုတ် ၄ ရက်နေ့ တွင် ပါတီ အစည်းအဝေး ကျင်းပရန်ရှိသည်။