ခရစ်ယာန်ဓမ္မဆရာတဦးပြန်ပေးဆွဲမှု နှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ALP ငြင်းဆို

ခရစ်ယာန်ဓမ္မဆရာတဦးပြန်ပေးဆွဲမှု နှင့် ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ALP ငြင်းဆို
by -
ခိုနူမ်းထုန်

ခိုနူမ်းထုန်(ချင်းသတင်းဌါန)၏  မတ်လ ၂၄ ရက်နေ့ထုတ် “ ရခိုင် လက်နက်ကိုင်တစုက ခရစ်ယာန် ဓမ္မဆရာ တဦးအား ပြန်ပေးဆွဲ” ခေါင်းစဉ်ပါ သတင်းနှင့်ပါတ်သက်ပြီးရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က၄င်းတို့ နှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်းငြင်းဆို လိုက်သည်။

မတ်လ ၂၉ ရက်နေ့ကလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ALP မှထုတ်ပြန်ကြေညာချက်တရပ်ထုတ်ပြန်ခဲ့သည်။ ၄င်းတို့ ထုတ်ပြန်ကြေညာချက်တွင်ရခိုင်ပြည်လွတ်မြောက်ရေး ပါတီတွင်ထိုကဲ့သို့လုပ်ဆောင်ရန်ပေါ်လစီမရှိ သကဲ့သို့ ညွန်ကြား ချက်လည်းမရှိကြောင်း၊ တကယ်၍ပါတီ၏စည်းကမ်း ချိုးဖောက်ပြီးထိုကဲ့သို့လုပ်ဆောင်ခဲ့ သူရှိပါက ထိုက်သင့်သလို အရေးယူ အပြစ်ပေးသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့အပြင် ဒိုးချောင်းဝ ကျေးရွာ၊ အင်္ဂလိကန်အသင်းတော်မှ ဓမ္မဆရာဦးအောင်လောအားပြန်ပေးဆွဲမှုမှာ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ နှင့်လုံးဝပတ်သက်မှုမရှိကြောင်း မိမိတို့ပါတီနှင့်လုံးဝမသက်ဆိုင်ကြောင်း ဖော်ပြထားသည်။

ALP တွဲဘက်အထွေထွေအတွင်းရေးမှူး(၁) ခိုင်ရန်နောင်စိုးက ” ကျနော်တို့ ALP အနေနှင့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ဒုတိယ အပတ်မှာ ဒိုးချောင်းဝကျေးရွာသားတစုံတဦးကိုမှပြန်ပေးဆွဲတာမျိုးမရှိဘူး၊ဓမ္မဆရာဦးအောင်လောဆို တာလည်း ကျနော် တို့မသိဘူး၊ အဲဒီအချိန်အတွင်း အဲဒီဒိုးချောင်းဝရွာမှာ အဲလိုပြန်ပေးဆွဲမှုမျိူး လုံးဝမဖြစ် ပျက်ခဲ့ဘူးဆိုတာ ကို အေအယ်လ်ပီ အနေနဲ့ရဲရဲဝံ့ဝံ့အပြည့်အဝအာမခံနိုင်ပါတယ်”ဟုခိုနူမ်းထုန်ကိုပြောသည်။

ခိုနူမ်းထုန်သတင်းတွင် ယင်းသတင်းနှင့် ပါတ်သက်ပြီး အေအယ်လ်ပီကိုတိုက်ရိုက်စွပ်စွဲခြင်းမရှိပဲအဆိုပါဒေသ တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အဓိက လှုပ်ရှားကြောင်းဒေသခံများကပြောကြသည်ဟုသာရေးသား ခဲ့ခြင်းဖြစ်သည်။