စီအဲန်အေ လက်ချက်နဲ့ သေဆုံးသည့် နအဖစစ်သားကို အစားထိုးရန် လူငယ်နှစ်ဦးအား ဖမ်းဆီး

စီအဲန်အေ လက်ချက်နဲ့ သေဆုံးသည့် နအဖစစ်သားကို အစားထိုးရန် လူငယ်နှစ်ဦးအား ဖမ်းဆီး
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝမြို့နယ် ရှင်းလက်ဝ တပ်စခန်းတွင် လက်ရှိအခြေစိုက်နေသည့် ခလရ (၅၅ ) မှ တာဝန် ခံတပ်ကြပ် အောင်ဝင်းခိုင် ဆိုသူနှင့် အဖွဲ့သည် စီအဲန်အေကြောင့် ကျဆုံးသွားသည့် ၄င်းတို့၏ ရဲဘော်နဲ့ ဒါဏ်ရာရသူများ ကို အစားထိုးရန် ဆိုပြီး  ဆင်အိုးဝ ရွာသား ချင်းလူငယ်နှစ်ဦးအား ...

ချင်းပြည်နယ်တောင်းပိုင်း ပလက်ဝမြို့နယ် ရှင်းလက်ဝ တပ်စခန်းတွင် လက်ရှိအခြေစိုက်နေသည့် ခလရ (၅၅ ) မှ တာဝန် ခံတပ်ကြပ် အောင်ဝင်းခိုင် ဆိုသူနှင့် အဖွဲ့သည် စီအဲန်အေကြောင့် ကျဆုံးသွားသည့် ၄င်းတို့၏ ရဲဘော်နဲ့ ဒါဏ်ရာရသူများ ကို အစားထိုးရန် ဆိုပြီး  ဆင်အိုးဝ ရွာသား ချင်းလူငယ်နှစ်ဦးအား ယခုလ ဒုတိယပတ်အတွင်း ဖမ်းဆီးလိုက်သည်ဟု သိရ သည်။

”ဒီကိစ္စကို ရယက တွေက သွားပြောတော့ ခင်ဗျားတို့ဆင်အိုးဝရွာ တိုက်ပွဲမှာ ခင်ဗျားတို့တာဝန်မကင်းဘူး၊ အဲဒါကြောင့် လူငယ်တွေကို စစ်တပ်အတွက်ဖမ်းဆီးတာလို့ ပြောတယ်၊ တကယ့် လူမဆန်တဲ့ လုပ်ရပ်ပဲ ” ဟုဒေသခံတဦးကပြော သည်။

ဆင်အိုးဝရွာသား ဦး ပီကိုး ၏သား မောင်းဘသန်း ( ၁၇ နှစ်) နှင့် ဦးကုန်ယိုင်၏ သား မောင်အောင်ကျော်လှ ( ၁၈ နှစ်)  တို့အား ဖမ်းဆီးပြီး ရှင်းလက်ဝတပ်စခန်း သို့ ခေါ်ဆောင်သွား ကြခြင်းဖြစ်သည်။

”နအဖစစ်သား အောင်ဝင်းခိုင် နဲ့ အဖွဲ့ရွာထဲ ၀င်လာပြီး မောင်ဘသန်း နှင့်မောင်အောင်ကျော်လှတို့ကို ခဏလိုက်ခဲ့ ဆိုပြီးခေါ်သွားကြတယ်၊ မိဘနဲ့လည်းအတွေ့မခံတော့ဘူး” ဟု  ဆင်အိုးဝရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ရှင်းလက်ဝတပ်စခန်းမှ နအဖ တပ်သား နှင့် ချင်းအမျိုးသား တပ်မတော် တပ် သားများသည် ဆင်အိုးဝရွာတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ရဲဘော်တဦးကျဆုံးခဲ့သည်။

”ယခုကိစ္စက စစ်မှုမထမ်းမနေရအမိန့်ကြောင့် ဖမ်းဆီးတာဖြစ်မှာပါ၊အကြောင်းမရှိအကြောင်းရှာတာပဲ “ဟု ဒေသခံများ ကပြောဆိုနေကြသည်။ နအဖစစ်သားများသည် စစ်မှုမထမ်းမနေရအတွက် ချင်းပြည်နယ် အနှံ့လူဦးရေစာရင်းကောက်ခြင်း၊ လူစီ စစ်ခြင်းများကို ပြုလုပ်နေပြီဖြစ်သည်။