မီဇိုရမ်ရဲက မြန်မာနိုင်ငံမှ ဝင်လာသော တရားမဝင် လက်နက်များ ဖမ်းဆီး

မီဇိုရမ်ရဲက မြန်မာနိုင်ငံမှ ဝင်လာသော တရားမဝင် လက်နက်များ ဖမ်းဆီး
by -
ခိုနူမ်းထုန် သတင်းဌာန

ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ မှောင်ခိုဖြင့် ဝင်လာသော လက်နက်များကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်အာဏာပိုင်များက ဖမ်းဆီး ...

ချင်းပြည်နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ မှောင်ခိုဖြင့် ဝင်လာသော လက်နက်များကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မီဇိုရမ်ရဲအဖွဲ့ နှင့် အာသံစစ်တပ်တို့ပူးပေါင်းပြီး အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် မြန်မာနိုင်ငံသား Ningsiamniang ခေါ် အမျိုးသမီးတဦးထံမှ 9mm Pistol နှစ်လက် နှင့်မဂ္ဂဇင်း ကျည်ဘောက် နှစ်ခု ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၄င်းကို တရားမဝင် လက်နက်မှောင်ခိုမှုနှင့် နိုင်ငံခြားသားအမှုဖြင့် တရားစွဲဆိုထား ကြောင်းမီဇိုရမ်ပြည်နယ် ဒေသထုတ် သတင်းစာတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် 9mm Pistol တလက်၏ မီဇိုရမ်ပေါက်စျေးမှာ (ရှုပီးငွေ ၁၃၀၀၀၀)ခန့်ရှိသည်ဟုသိရသည်။

အဖမ်းခံရသူ မ Ningsiamniang သည် အိန္ဒိယနိုင်ငံသားတဦး နှင့် အိမ်ထောင်ပြုပြီး မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးသူဖြစ်သည်။ သူမ၏ခင်ပွန်းဖြစ်သူ Akbar Hussein သည် ဂျင်းနှင့် ငရုတ်သီးရောင်းဝယ်ရေး လုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည် ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း ကျန်ဖိုင်းမြို့ (Vengthlang) ရပ်ကွက်တွင်နေထိုင်သူ မီဇိုးအမျိုးသား C.Lalrinkima ထံ မြန်မာနိုင်ငံမှမှောင်ခိုဝင်လာသော 22 Pistol ( USA လုပ်) ၂ လက် ကို အာဏာပိုင်တွေကဖမ်းဆီးခဲ့ကြောင်း သေနတ်တစ်လက်မှာ 22 3011 Eagle ဖြစ်ပြီး၊ ကျန်တစ် လက်မှာ 22 Server 12689 ဖြစ်သည်ဟုသိရသည်။

အဆိုပါလက်နက်သည် ယခုလက်ရှိပေါက်စျေးအရ တစ်လက်မှာ (ရှုပီးငွေ ၁၆၀၀၀၀) ခန့်ရှိသည်ဟုသိရသည်။

လက်နက်မှောင်ခိုကုန်သည်များသည် မီဇိုရမ်ပြည်နယ်ကိုဖြတ်ကျော်ပြီး အိန္ဒိယအရှေ့မြောက်လူမျိူးစုလက်နက်ကိုင်များနှင့် လက်နက်အရောင်းအဝယ်ပြုလုပ်လေ့ရှိသည်ဟုသိရသည်။ ထို့ကြောင့်မီဇိုရမ်ပြည်နယ်သည် လက်နက်ရောင်းဝယ်ဖောက် ကားရာတွင် အချက်အချာကျသည့်ဒေသတခုဖြစ်လာခဲ့သည်။

မီဇိုရမ်ဝန်ကြီးချုပ် ပူးလာလထန်ဟောလ်အာက အိန္ဒိယအရှေ ့မြောက်ဘက် သူပုန်များထံ လက်နက် ရောင်းဝယ်မှုပြု လုပ်ရာတွင် မီဇိုရမ်ပြည်နယ်ကို အဓိကအသုံးပြုနေကြသည်ဟု ပြောဆိုကြောင်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဇီးသတင်းဌာနက ဖေါ်ပြခဲ့သည်။

ထို့အပြင်အိန္ဒိယဗဟိုထောက်လှမ်းရေးများကလည်း အိန္ဒိယသူပုန်များထံ လက်လက်ခဲယမ်းများရောင်းချမှု ပြုလုပ်ရာတွင် မီဇိုရမ်ပြည်နယ်ကို အသုံးပြုနေကြကြောင်း၊ ယင်းလက်နက်များကို တရုတ်နှင့် မြန်မာ နိုင်ငံများမှ ၀င်လာခြင်းဖြစ်ကြောင်း ယင်းသတင်းတွင်ဖေါ်ပြထားသည်။