လူကုန်ကူးသူထံမှ ချင်းအမျိုးသမီး တစ်ဦး ပြန်ကယ်ထုတ်

လူကုန်ကူးသူထံမှ ချင်းအမျိုးသမီး တစ်ဦး ပြန်ကယ်ထုတ်
by -
ခိုနူမ်းထုန် သတင်းဌာန

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လူမှောင်ခို ကုန်ကူးသူများထံမှ ချင်းအမျိုးသမီးတဦးကို ယခုလ ၁ ရက်နေ့က မရာ ( ချင်း ) လူငယ်အဖွဲ့က ပြန်လည် ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရ ...

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လူမှောင်ခို ကုန်ကူးသူများထံမှ ချင်းအမျိုးသမီးတဦးကို ယခုလ ၁ ရက်နေ့က မရာ ( ချင်း ) လူငယ်အဖွဲ့က ပြန်လည် ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။

အသက် ၂၅ နှစ်ခန့်ရှိ အဆိုပါ အမျိုးသမီးကို ချင်းအမျိုးသမီးတဦးက အိန္ဒိယ နိုင်ငံ Nepal လူမျိုးနိုင်ငံကူးလက်မှတ်အတု ( Document Fake) ပြုလုပ်ပေးကာ ဆော်ဒီအာရေဗျနိုင်ငံသို့ Domestic Worker အဖြစ်စေလွှတ်ရန်စီစဉ်နေချိန် မထွက် ခွာမှီတရက်အလိုတွင် နယူးဒေလီအခြေစိုက် မရာ(ချင်း)လူငယ်များက ပြန်လည်ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျတော်တို့ညီမငယ်က မတ်လ ၂ ရက်နေ့မှာ နိုင်ငံခြားသို့ပို့တော့မှာဖြစ်တယ်၊ အဲဒါ သိသိချင်း မတ်လ ၁ ရက်နေ့ညမှာပဲ သူ့ကိုဆက်သွယ်ပြီးသွားရောက် ကယ်ထုတ်လိုက်တယ်” ဟု Mara Community Leader တဦးက
ပြောသည်။

အဆိုပါအမျိုးသမီးသည် ချင်းပြည်နယ်၊ပလက်ဝမြို့၊ ဦး ဗာလောင်၏ သမီးဖြစ်ပြီးမီဇိုရမ်ပြည်နယ်ဆိုင်ဟားမြို့တွင် အလုပ် လုပ်နေစဉ် ယခုကဲ့သို့ ဆွဲဆောင်ခံရခြင်းဖြစ်ကြောင်း အဆိုပါ အမျိူးသမီးကပြောသည်။

သူက ” သူတို့က စရိတ်စခအားလုံးခံတယ်၊ ပါစ်ပို့လည်းလုပ်ပေးတယ်၊ ကျမက ဘာမှရေရေရာရာမသိဘူး၊ ပိုက်ဆံရှာပြီး မိဘ ကို ပိုက်ဆံများများ ပို့ဖို့ပဲစိတ်ထဲမှာ ရှိတယ်” ဟု ခိုနူမ်းထုန်သတင်းဌါနကိုပြောပြသည်။

၄င်း၏ နိုင်ငံကူး ဗီဇာသည် Work Permit မဟုတ်ပဲ Visit Permit ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံတွင် ရက်ပေါင်း ၄၀ သာ နေထိုင်ခွင့်ရှိမည်ဖြစ်ကြောင်း သို့သော် ၄င်းတို့၏ သူဋ္ဌေးက Agent ထံ နှစ်နှစ် စာ ငွေချေပြီးဖြစ်ကြောင်းသိရသည်။

” ကျတော်တို့လေ့လာရသလောက်တော့ ကလေးမက ရက်ပေါင်း ၄၀ သာ ဆော်ဒီအာရေဗျမှာနေခွင့်ရှိမယ်၊ နောက်တော့ အပြင်ထွက်ခွင့် ပေးမှာမဟုတ်တော့ဘူး၊အမျိုးသမီးရဲ့ ပါးစ်ပို့ကိုလည်း သိမ်းပေးသွားကြမှာဖြစ်တယ်၊ အင်မတန် အန္တရယ်ရှိ တယ်” ဟု အဆိုပါ လူငယ်ခေါင်းဆောင်က ဆက်ပြောသည်။

အမျိုးသမီးငယ်ကို Delhi Mara Community က ဆက်လက်စောင့်ရှောက်ထားကြောင်း သိရသည်။