စစ်သားရဲ့ အကန့်အသတ် မရှိ နောက်တိုး မဲတွေကြောင့် ချင်းလူမျိုးစုပါတီ ရှူံး

စစ်သားရဲ့ အကန့်အသတ် မရှိ နောက်တိုး မဲတွေကြောင့် ချင်းလူမျိုးစုပါတီ ရှူံး
by -
ခိုနုမ်းထုန်သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မဲဆန္ဒနယ်အတွင်း စစ်သားတွေက နောက်တိုးမဲ ဆိုပြီး အကန့်အသတ် မရှိပဲ ထပ်ထည့်နေသောကြောင့် ချင်းတိုးတက်ရေးပါတီ ...

စစ်ကိုင်းတိုင်း ကလေးမြို့နယ် မဲဆန္ဒနယ်အတွင်း စစ်သားတွေက နောက်တိုးမဲ ဆိုပြီး အကန့်အသတ် မရှိပဲ ထပ်ထည့်နေသောကြောင့် ချင်းတိုးတက်ရေးပါတီ (စီပီပီ) မဲမနိုင်ခြင်း ဖြစ်သည်ဟု သတင်းရရှိသည်။

chin-parties-300x134ကလေးမြို့ အခြေစိုက် တပ်ရင်းက ယူအက်စ်ဒီပီ ပြိုင်ဖက် စီပီပီပါတီ ကိုယ်စားလှယ် မဲအရေအတွက်ကို ကြည့်ပြီး ၎င်းထက် များအောင် ထည့်ခြင်းကြောင့် ကြံ့ဖွံ့ပါတီ နိုင်သွားခြင်း ဖြစ်ကြောင်း ကလေးမြို့နယ် စီပီပီ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင် တဦးက ယနေ့ ပြောပြသည်။

“စစ်သားတွေက စီပီပီ ကိုယ်စားလှယ် မဲကို သိတာနဲ့ နောက်တိုး ဆိုပြီး ထပ်ထပ်ဖြည့်တယ်၊ စစ်သား တယောက်က မဲ သုံး လေးခါမက ထည့်ကြတယ်၊ မဲပေးမည့် စစ်သားစာရင်းကိုလည်း သိခွင့် မရှိဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ မတိုင်ခင် နိုဝင်ဘာလ ၅ ရက်နေ့တွင် အာဏာပိုင်တို့သည် ကလေးထောင်သို့ သွားပြီး ယူအက်စ်ဒီပီ ပါတီကို မဲထည့်ပါက လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု စည်းရုံးကြောင်းလည်း ထပ်မံသိရသည်။

“ကလေးမြို့ ရဲမှူးနှင့် ဗိုလ်ကြီးတယောက် ကလေးထောင်ကို သွားပြီး ထောင်မှ လွတ်ချင်ယင် ယူအက်စ်ဒီပီကို မဲပေးဖို့ သွားပြောကြတယ်၊ ကလေးထောင်မှာက အကျဉ်းသား နှစ်ထောင့် ငါးရာခန့် ရှိတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ကလေးမြို့နယ်တွင် စီပီပီပါတီသည် လွှတ်တော် သုံးရပ် စလုံးနှင့် ချင်းတိုင်းရင်သားလူမျိုးစု လွှတ်တော် နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသော်လည်း တိုင်းရင်သားလူမျိုးစု လွှတ်တော် တနေရာသာ ရရှိကြပြီး ကျန်နေရာ အားလုံး ယူအက်စ်ဒီပီပါတီက ရရှိသွားသည်။

ကလေးမြို့နယ်တွင် မဲပေးနိုင်သူဦးရေ စုစုပေါင်း ၁၆၆၄၀၀ အနက် မဲမပေးသူနှင့် ပယ်မဲပေါင်း ၅၅၀၀၀ ခန့် ရှိသည်။