ယူအက်စ်ဒီပီ ကိုယ်စားလှယ်က တခြားပါတီတွေကို ခြိမ်းခြောက်

ယူအက်စ်ဒီပီ ကိုယ်စားလှယ်က တခြားပါတီတွေကို ခြိမ်းခြောက်
by -
ခိုနူမ်းထုန်သတင်း

ချင်းပြည်နယ် ထန်တလန်မြို့နယ် မဲဆန္ဒနယ်မြေမှ ယူအက်စ်ဒီပီ ကိုယ်စားလှယ်လောင်း ပူးငွန်ဟရမ်းက ချင်းအမျိုးသားပါတီ ကိုယ်စားလှယ်များအား ခြိမ်းခြောက်ခဲ့....

ချင်းပြည်နယ် ထန်တလန်မြို့နယ် မဲဆန္ဒနယ်မြေမှ ယူအက်စ်ဒီပီ ကိုယ်စားလှယ်လောင်း ပူးငွန်ဟရမ်းက ချင်းအမျိုးသားပါတီ ကိုယ်စားလှယ်များအား ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပူး ငွန်ဟရမ်းသည် ၎င်းမဲဆန္ဒနယ်အတွင်း တလန်လိုရွာ လူထုစည်းရုံးရေးတွင် ချင်းအမျိုးသားပါတီ ကိုယ်စားလှယ်များ အနေဖြင့် ယူအက်စ်ဒီပီ ကိုယ်စားလှယ်တွေကို ပုဂ္ဂိုလ်ရေး ထိခိုက်အောင် စည်းရုံးဟောပြော နေသည့်အပေါ် အထူးသတိထားသင့်သည်ဟု ပြောဆိုသွားခြင်း ဖြစ်သည်။

“နိုဝင်ဘာ ၇ ရက်နေ့ကနေ နောက်နှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့အထိ ချင်းအမျိုးသားပါတီတွေ ဘာဖြစ်လာမည် ဆိုတာကို ပြည်သူတွေ သိလာလိမ့်မည်၊ စောင့်နေကြလို့ ပူး ငွန်ဟရမ်းက ပြောသွားတယ်” ဟု တလန်လို ရွာသားတဦးက ပြောသည်။ အသေးစိပ်ကိုမူ ပြောမပြကြောင်း ဆက်လက်သိရသည်။

အဆိုပါ လူထုစည်းရုံးဟောပြောမှုတွင် ပူး ငွန်ဟရမ်းသည် ချင်းအမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း ပီးဇာတလဲမ်၏ ပုဂ္ဂိုလ်ရေးကို ထိခိုက်ပြောဆိုသွားသည်ဟု သတင်းရရှိသည်။

၎င်းကိစ္စနှင့် ပါတ်သက်ပြီး ချင်းအမျိုးသားပါတီဝင် တဦးက “မိမိတို့ဟာ မိမိတို့ ပေါ်လစီကိုသာ လူထုထံ ချပြတယ်၊ မိမိတို့ ကိုယ်စားလှယ် ပီးဇာတလဲမ်ဟာ အထက်တန်းပြ ဆရာမ မဟုတ်ပဲနဲ့ အထက်တန်းပြ ဆရာလို့ စီအဲန်ပီတွေက လိမ်ပြောကြတယ်လို့ ပူး ငွန်ဟရမ်းကပဲ ပြောတာ” ဟု ပြောပြသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ အပိုဒ် (၈) မှာ လူမျိုးရေး (၀ါ) ဘာသာရေး (၀ါ) လူတစ်ဦး တည်း (၀ါ) လူများနဲ့ ပတ်သက်၍ ပဋိပက္ခ ဖြစ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု၊ စည်းရုံးလှုံ့ဆော်မှု မပြုရဟု ဖော်ပြထားပြီး အပိုဒ် (၁၂) မှာ လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် များသည် ဤကြေငြာချက်ပါ တစ်ရပ်ရပ်ကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာခြင်း မရှိပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်း ခံရလိမ့်မည်လို့ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် ဖော်ပြထားသည်။

ယူအက်စ်ဒီပီ ကိုယ်စားလှယ်များသည် ၎င်းတို့ ပါတီ အနေဖြင့် ပေါ်လာမည့် နိုင်ငံတော် အနာဂါတ် အုပ်ချုပ်ရေးအတွက် ပြင်ဆင်မှုတွေ လုပ်ထားပြီး ဖြစ်သည်ဟု ဟောပြောနေကြကြောင်း ပြည်သူထံမှ သိရသည်။

ထန်တလန်မြို့နယ် မဲဆန္ဒနယ်တွင် ပြည်နယ်ကိုယ်စားလောင်းများအဖြစ် ယူအက်စ်ဒီပီ ပါတီမှ ငွန်ဟရမ်း၊ ချင်းအမျိုးသားပါတီမှ ပီး ဇာတလဲမ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပူး လျန်တျာလ်တို့ ၀င်ရောက်ယှဉ်ပြိုင်သွားကြမည် ဖြစ်သည်။