မဲမရနိုင်သူ စည်းရုံးရေးမှူးများအား ငွေပြန်အပ်ရမည်ဟု ယူအက်စ်ဒီပီပြော

မဲမရနိုင်သူ စည်းရုံးရေးမှူးများအား ငွေပြန်အပ်ရမည်ဟု ယူအက်စ်ဒီပီပြော

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ယူအက်စ်ဒီပီ ကိုယ်စားလှယ်လောင်းများအတွက် မဲမရပါက ပေးထားသည့် ငွေများ ပြန်အပ်ရမည်ဟု ယူအက်စ်ဒီပီပါတီခေါင်းဆောင်များက ဒေသခံစည်းရုံးရေးမှူးများအား ယခုလ အောက်တိုဘာလဆန်းကတည်းက ပြောထားကြောင်း ...

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ယူအက်စ်ဒီပီ ကိုယ်စားလှယ်လောင်းများအတွက် မဲမရပါက ပေးထားသည့် ငွေများ ပြန်အပ်ရမည်ဟု ယူအက်စ်ဒီပီပါတီခေါင်းဆောင်များက ဒေသခံစည်းရုံးရေးမှူးများအား ယခုလ အောက်တိုဘာလဆန်းကတည်းက ပြောထားကြောင်း သိရသည်။

ချင်းပြည်နယ် မတူပီမြို့နယ် မဲဆန္ဒနယ်မြေမှ ယူအက်စ်ဒီပီ စည်းရုံးရေး စရိတ်အတွက် ကျေးရွာအသီးသီးရှိ စည်းရုံးရေးမှူးများအား ငွေများအား ပါတီစည်းရုံးရေးအတွက် ငွေများ ထုတ်ပေးထားခြင်း ဖြစ်ပြီး ရွေးကောက်ပွဲတွင် မဲမရပါက ၎င်းငွေများကို ပြန်လည်အပ်ရမည်ဟု ပြောထားခြင်း ဖြစ်ကြောင်း သိရသည်။

“မဲဆန္ဒရှင် အနည်းအများအလိုက် စည်းရုံးရေးမှူးတွေကို ငွေပေးထားတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲ မဲအခြေအနေကို ကြည့်ပြီး ငွေတွေကို ပြန်လည်အပ်ခိုင်းတာ ဖြစ်တယ်၊ ဘယ်လောက်ပေးတယ်ဆိုတာတော့ အတိအကျ မသိရပါ” ဟု
မတူ ပီမြို့နယ် ဝေတူးရွာသားက ပြောသည်။

မတူပီမြို့နယ်၊ ဘနိုင်ရွာ ( အိမ်ခြေ ၂၀) မှ ယူအက်စ်ဒီပီပါတီ စည်းရုံးရေးမှူးဖြစ်သူ ဦးယုံဒေါ့ကို ၎င်းတို့ ပါတီက
စည်းရုံးရေး စရိတ်အတွက် ကျပ်ငွေ တသိန်း ကြိုတင်ထုတ်ပေးထားကြောင်း သိရပြီး မဲပိုမိုရရှိပါက နောက်ထပ် ငွေများ ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း ထပ်မံသိရသည်။

ယူအက်စ်ဒီပီပါတီသည် ၎င်းတို့အတွက် မဲပေးနိုင်မည်ဟု ယူဆရသော ပြည်သူများကို ဓါတ်ပုံတွေ ရိုက်ခြင်း၊ ကိုယ်ရေး မှတ်တမ်းယူခြင်းများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု သိရသည်။

“ဓါတ်ပုံတွေ၊ ကိုယ်ရေး အချက်အလက်တွေ ယူထားဆိုတော့ မဲမပေးယင် တခုခုများ လုပ်ကြမလား စိုးရိမ်တယ်” ကျောင်း ဆရာတဦးက ပြောသည်။

အဆိုပါ ငွေများကို ယခုလမှ စပြီး ကျေးရွာ ရယက အဖွဲ့ဝင်များအား စတင်ပေးခြင်း ဖြစ်ပြီး ဒေသခံများကိုမူ အုပ်စုစာရေးတွေဆီကနေတဆင့် ပေးခိုင်းနေခြင်း ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီ မဲဆွယ်ရေးအတွက် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ယူအက်စ်ဒီပီကို မဲပေးပါလို့တော့ မပြောကြဘူး၊ ဒါပေမဲ့ အဲဒီအတွက် ဖြစ်မှာပါ” ဟု မတူပီမြို့နယ် ဘနိုင်ရွာသား တဦးက ပြောသည်။

အလားတူ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ယူအက်စ်ဒီပီပါတီသည် ဒေသခံများအား ပါတီတံဆိပ်ပါ စွပ်ကျယ်အင်္ကျီများအား အခမဲ့ ဖြန့်ဝေနေသည်။

မတူပီ ဒေသခံများသည် ယူအက်ဒ်ဒီပီပါတီမှ ငွေကြေးများ သုံးစွဲပြီး စည်းရုံးနေသော်လည်း တခြားနိုင်ငံရေးပါတီများကိုသာ မဲပေးရန် ဆန္ဒရှိကြကြောင်း သိရသည်။

“ကိုယ့်အမျိုးသားရေး ရေရှည်အတွက်တော့ ယူအက်စ်ဒီပီကို မဲမပေးသင့်ဘူး၊ ပြည်သူတွေလဲဒီလိုပဲ စဉ်းစားကြတယ်” ဟု ဒေသခံလူကြီး တဦးက ပြောသည်။

မတူပီမြို့နယ် မဲဆန္ဒနယ်မြေတွင် ယူအက်စ်ဒီပီ ပါတီမှ လူမျိုးစုကိုယ်စားလှယ်အဖြစ် ဦးအာမိ၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဒေါက်တာ ရိုအုပ်၊ ပြည်နယ်ကိုယ်စားလှယ်အဖြစ် ဦးအုန်းလွင်၊ ဦး နီလင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။