စီပီပီပါတီ ဟောပြောပွဲ ပြည်သူ ထောင်ချီ တက်ရောက်၊ အာဏာပိုင်တွေ အံ့သြ

စီပီပီပါတီ ဟောပြောပွဲ ပြည်သူ ထောင်ချီ တက်ရောက်၊ အာဏာပိုင်တွေ အံ့သြ

အောက်တိုဘာ ၁၂ ရက်နေ့က ချင်းတိုးတက်ရေး ( စီပီပီ) ပါတီ စည်းရုံးရေး ဟောပြောပွဲသို့ ချင်းပြည်သူ ထောင်ချီ တက်ရောက် ကြောင်း၊ ယင်းအပေါ် လုံခြုံရေး စစ်သားတွေ အင်မတန် အံ့သြ....

အောက်တိုဘာ ၁၂ ရက်နေ့က ချင်းတိုးတက်ရေး ( စီပီပီ) ပါတီ စည်းရုံးရေး ဟောပြောပွဲသို့ ချင်းပြည်သူ ထောင်ချီ တက်ရောက် ကြောင်း၊ ယင်းအပေါ် လုံခြုံရေး စစ်သားတွေ အင်မတန် အံ့သြကြောင်း သိရသည်။

“ဒီလောက်လူအုပ်ကြီး ဆိုပြီး လာရောက်နားထောင်တဲ့ စစ်သား၊ ရဲတွေ၊ မီးသတ်တွေပေါ့နာ်။ သူတို့ အတော်အံ့သြတယ်” ဟု ဒေသခံလူကြီးတဦးက ပြောသည်။

စီပီပီ စည်းရုံးရေးးကို စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်၊ EFC ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စီပီပီပါတီ ဥက္ကဌ၊ လူမျိုးစု ကိုယ်စားလှယ်လောင်း ပူး နိုးထန်ကပ်နှင့် တခြား စီပီပီ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၅ ဦးက စည်းရုံးဟောပြောကြောင်း သိရသည်။

“နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီထိ လုပ်ကြတယ်၊ ခန်းမ မဆန့်တော့လို့ အပြင်မှာ မိုးကာတွေ အုပ်ပြီး လာနားထောင်ကြတယ်၊ လူရှိုင်း၊ တီးတိန်၊ ဖလမ်း ရိုးရာတေးသီချင်းများနဲ့ဖျော်ဖြေမှုတွေ လုပ်ကြတယ်” ဟု တက်ရောက်သူ တဦးက ပြောသည်။

ကလေးမြို့နယ်မှာ မဆလခေတ်ကတည်းက ချင်းတိုင်းရင်းသားတွေဟာ ဦးရေ အများဆုံး ဖြစ်ပေမဲ့ နေရာမရခဲ့ဘူးကြောင်း၊ လူရှိုင်း၊ ဟားခါး၊ တီးတိန်၊ ဖလမ်းဆိုပြီး လူမျိုးခြားတွေက အချင်းချင်း ရန်တိုက်ပေးခဲ့ကြောင်း၊ ယခုတကြိမ်တွင် ရလာတဲ့ အခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပြီး ကလေးနယ်က ချင်းလူမျိုးများရဲ့ ခွဲတမ်းကို ရအောင်လုပ်ရမည် ဖြစ်ကြောင်း ကျမ်းစာထဲက အတိုင်း ဘုရားသခင်က ကိုယ့် နယ်မြေကို ပြန်ပေးမယ်ဆိုတာ ချင်းခရစ် ယာန်တိုင်းရဲ့ နှလုံးသားထဲမှာ ယုံကြည် စွဲမှတ်သင့်ကြောင်း စီပီပီခေါင်းဆောင်တွေက ဟောပြော ခဲ့ကြကြောင်း သိရသည်။

“ပြည်သူလူထု ၇၀၀ ကျော် တက်ရောက်ခဲ့တယ်။ အစကတော့ ကျတော်တို့လည်း မမျှော်လင့်ရဲခဲ့ဘူး၊ လေး ငါးရာ လောက်ပဲ ဖြစ်မယ်လို့ ထင်ခဲ့တယ်။ တာဟန်း ရပ်ကွက် ၇ ခုလုံးမှာ ရှိတဲ့ ချင်းပြည်သူတွေလာကြတော့ ခန်းမထဲက မဆံ့ဘူး။ လမ်းသွားလို့ မရလောက်အောင် လမ်းမကြီးအထိ လူတွေနဲ့ ပြည့်နေတယ်” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကိုင်းတိုင်းမှာ ရှိတဲ့ ချင်းလူမျိုးများ ဘိုးဘွားစဉ်ဆက်ကတည်းက တကြိမ်တခါမှ မရခဲ့ဖူးသည့် ၀.၁ ရာခိုင်နှုန်း ရရှိတဲ့ အခွင့်အရေး လေးကို အရယူနိုင်ဖို့ ချင်းပြည်နယ် ၉ မြို့နယ်ကနေ ကလေးမြို့ကို ဆင်းလာသူပဲဖြစ်ဖြစ်၊ စစ်တပ်မှ အငြိမ်းစားယူပြီး လာရောက် အခြေချသူတွေပဲဖြစ်ဖြစ်၊ အောက်ချင်း၊ ပန်းဘဲချင်းတွေပဲဖြစ်ဖြစ် အားလုံး စည်းစည်းလုံးလုံး အတူတကွ လက်တွဲကြဘို့ တိုက်တွန်း ထားကြကြောင်း ဟောပြောပွဲနားထောင်သူတဦးက ပြောသည်။

တာဟန်းတောင်ဖီလာရပ်ကွက်တွင် နေထိုင်သူ ချင်းအမျိုးသား တဦးက “စီပီပီပါတီဟာ မဲပေးဖို့ အထိုက်တန်ဆုံး ပါတီ ဖြစ်တယ်ဟု ပရိသတ်မှ ကြွေးကြော်ကြတယ်” ဟု ပြောသည်။

ခုရက်ပိုင်းအတွင်း ကြံ့ဖွံ့ပါတီကလည်း ကလေးမြို့နယ်ရှိ ကျေးလက်တောရွာဒေသခံများအတွက် အတိုးနှုန်း နည်းနည်းဖြင့် ငွေများ ချေးငှားခြင်း၊ ကျောင်း၊ ဘုရားကျောင်း၊ လမ်းပြင်ရန်အတွက်ဟု ဆိုပြီး ငွေကြေး၊ ဘိလပ်မြေနှင့် အခြားပစ္စည်းများ လှူဒါန်းကာ လူထု စည်းရုံးရေးများ ပြုလုပ်နေသည်ဟု ဒေသခံပြည်သူများမှတဆင့် ကြားသိရသည်။

ချင်းတိုးတက်ရေးပါတီသည် ခရိုင်ကော်မီရှင်၏ ခွင့်ပြုချက်အမှတ် ၁၄၊ ၁၀၊ ၂၀၁၀ ၊ ၂ ̸ ၁၃-၁၄ ̸ ၉၃(၁၄၁) ဖြင့် လူထုစည်းရုံးရေးကို သုံးနေရာတွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး နောက်ထပ် ၁၅ နေရာကျော်အတွက် အောက်တိုဘာလ ၂၈ ရက်အထိ အစီအစဉ်များ ဆွဲထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

စီပီပီပါတီသည် ပြီးခဲ့သည့် ၅ အောက်တိုဘာ ၂၀၁၀ ရက်နေ့တွင် ရုပ်မြင်သံကြားမှတဆင့် ၎င်းတို့၏ ပါတီမူဝါဒ တကြိမ် ဟောပြောခဲ့ပြီး၊ နောက်၂၄ အောက်တိုဘာတွင် ပြန်လည် ဟောပြောမည် ဖြစ်သည်။