စစ်ကိုင်းတိုင်း ကလေးမြို့ အခြေချ ဒစကမှူး အမိန့် ဆိုပြီး အိန္ဒိယ မြန်မာ အမှတ် ၂ ကုန်ုသွယ်ရေး ကားလမ်း ၀ဲယာအား လုံခြုံရေး အကြောင်းပြချက်ဖြင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ စ၍ ဒေသခံပြည်သူများကို မိုးထဲရေထဲတွင် ချုံနွယ်များ ရှင်းခိုင်း...
စစ်ကိုင်းတိုင်း ကလေးမြို့ အခြေချ ဒစကမှူး အမိန့် ဆိုပြီး အိန္ဒိယ မြန်မာ အမှတ် ၂ ကုန်ုသွယ်ရေး ကားလမ်း ၀ဲယာအား လုံခြုံရေး အကြောင်းပြချက်ဖြင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ စ၍ ဒေသခံပြည်သူများကို မိုးထဲရေထဲတွင် ချုံနွယ်များ ရှင်းခိုင်း နေသည်ဟု ခရီးသည် တဦးက ဆိုသည်။
ရွေးကောက်ပွဲ ကာလအတွင်း တာဝန်ကျ စစ်သားများ လုံခြုံရေး လွယ်ကူစေရန်အတွက် ဖြစ်ပြီး လုပ်ငန်းကို အမြန်ဆုံး ပြီးစီးရေးအတွက် ဒစကမှူးကိုယ်တိုင် လာရောက်ကွပ်ကဲကြောင်း သိရသည်။
“မိုးရွာထဲမှာ မိန်းကလေး အပါအဝင် ပေါင်းရှင်းနေကျတယ်၊ စစ်သားများနှင့် ရဲများက အနီးကပ် စောင့်ကြည့်နေကြတယ်၊ ကားလမ်း တလျှောက် ပလပ်စတစ်ခြုံပြီး ပေါင်းရှင်းနေကြတယ်” ဟု ကုန်သည် ဦးဘီးအာက ပြောသည်။
ယခုအချိန်သည် ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် ပြည်သူများ မိမိတို့ မိသားစုလုပ်ငန်းတောင် မလုပ်နိုင်ကြကြောင်း သိရသည်။
”မိုးတအားရွာလို့ တောင်ယာလုပ်ငန်းကိုတောင် ပစ်ထားကြတယ်၊ အမိန့်ဆိုတော့ ကြောက်ရတယ်လေ၊ မိုးရွာလွန်းလို့ အအေးမိဖျားတဲ့ သူတွေလည်း ရှိတယ်” ဟု သိုင်းငင်းရွာသားက ပြောသည်။
အခု လုပ်အားပေးနေရသည့် နေရာသည် ကလေးမြို့မှ မိုင် ၂၅ ခန့် ဝေးသည့် သိုင်းငင်းရွာမှ ချင်းပြည်နယ် တီးတိန်မြို့ အကြား ဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသူ ကုန်သည်တဦးက “အခု တီးတိန်မြို့မှ နယ်စပ် Tiau ချောင်းအထိ ကားလမ်းဘေးကိုလည်း ပေါင်းရှင်းခိုင်းကြောင်း ထပ်မံသိရသည်။
အောက်တိုဘာလ ပထမပတ်အတွင်း ဒစကမှူး အိန္ဒိယ-မြန်မာနယ်စပ်သို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အခုတလော အိန္ဒိယ-နယ်စပ် တလျှောက်ရှိ စစ်တပ်များသည် နယ်လှည့်ခြင်းများ ပိုမိုပြုလုပ်နေကြကြောင်း၊ အမှတ် ၂ ကုန်သွယ်ရေး လမ်းကြောင်းကိုလည်း မကြာခင် ပိတ်ပင်ကြလိမ့်မည် ဖြစ်ကြောင်း ကုန်သည်အသိုင်းအ၀ိုင်းက ပြောနေကြသည်။