မဲမပေးလိုသူ ချင်းလူငယ်များ ပြည်ပသို့ ထွက်ခွါမှု ပိုမိုများပြားလာ

မဲမပေးလိုသူ ချင်းလူငယ်များ ပြည်ပသို့ ထွက်ခွါမှု ပိုမိုများပြားလာ

ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ မဲမပေးလိုသူ ချင်းလူငယ်များ အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ်ပြည်နယ်သို့ ထွက်ခွါသူ များပြားလာ....

ရွေးကောက်ပွဲ ကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ မဲမပေးလိုသူ ချင်းလူငယ်များ အိန္ဒိယနိုင်ငံ အရှေ့မြောက် မီဇိုရမ်ပြည်နယ်သို့ ထွက်ခွါသူ များပြားလာနေသည်ဟု သိရသည်။

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ချင်းလူငယ်များသည် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို အယုံအကြည် မရှိ သောကြောင့် ယခုကဲ့သို့ တဖက်နိုင်ငံသို့ ကူးလာရခြင်း ဖြစ်သည်ဟု သိရသည်။

“အနည်းဆုံး ၅ ဦးနှင့် ၁၀ ဦးကြား အိုင်ဇောလ်မြို့ကို ပုံမှန်လိုလို ရောက်ရှိလာကြတယ်၊ သူတို့ ပြောတာကတော့ မဲမထည့်ချင်လို့ ထွက်လာခဲ့ကြတယ်၊ ကျတော်တို့ ရှိယင် မဲကို အတင်းထည့်ခိုင်းမှာလို့ ပြောကြတယ်” ဟု အိုင်ဇောလ်မြို့မှ ထမင်းဆိုင်ပိုင်ရှင် ပူး မွာနာက ပြောသည်။

ယခုကဲ့သို့ ချင်းလူငယ်များ ရွေးကောက်ပွဲတွင် မပါဝင်လိုခြင်းသည် စစ်အစိုးရ အနေဖြင့် သူတို့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရအောင် မဖြစ်ဖြစ်သည့် နည်းဖြင့် လုပ်ဆောင်သွားမည် ဖြစ်သောကြောင့် ဖြစ်သည်ဟု ပြောကြသည်။

“ကျတော်တို့ စုစုပေါင်း၂၀ ဦးဟာ စက်တင်ဘာလ ၁၅ ရက်နေ့မှာ အိုင်ဇောလ်ကို ရောက်လာကြတယ်၊ နောက်လည်း လာကြမှာပဲ” ဟု ဖလမ်းမြို့ Farthawk ရပ်ကွက်သား တဦးက ပြောသည်။

ယူအက်စ်ဒီပီပါတီ ကိုယ်စားလှယ်များသည် မဲဆွယ်စည်းရုံးရေး လုပ်ရာတွင် ယခု ရွေးကောက်ပွဲတွင် မဲမပေးယင်လည်း ၎င်းတို့ ပါတီသာ အနိုင်ရရှိမှာ ဖြစ် သောကြောင့် အနိုင်ရမည့် အတူတူ ၎င်းတို့ ပါတီကိုသာ မဲပေးကြရန် ဟောပြော စည်းရုံး ကြသည်။

“သူတို့ နောက်မှာ စစ်တပ်က ရှိတော့ အာဏာနဲ့ လုပ်မှာပဲ၊ အဲဒါသူတို့ လုပ်နေကျလေ၊ ကျတော်တို့ကိုလည်း သူတို့ ပါတီကို အတင်းမဲ ထည့်ခိုင်းမှာ” ဟု ကလေးမြို့နယ် လက်ပံချောင်းရွာသားက ပြောသည်။

ယခုတလော မီဇိုရမ်အစိုးရသည် မြန်မာပြည်သားများအား တရားမ၀င် နေထိုင်မှုဖြင့် ဖမ်းဆီးမှုများ ပြုလုပ်နေချိန်တွင် ချင်းလူငယ် များသည် ယခုကဲ့သို့ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိလာကြခြင်း ဖြစ်သည်။

၎င်းကိစ္စနှင့် ပါတ်သက်ပြီး အိုင်ဇောလ်ရှိ ချင်းလူကြီး တဦးက “အာဏာပိုင်တွေ ဖမ်းဆီးတာတွေက လူငယ်တွေ သိပါတယ်၊ ဖမ်းဆီး ရင်လည်း သူတို့ ခံရုံပဲရှိတယ်၊ ဘာမှ မတတ်နိုင်ဘူး” ဟု ပြောသည်။

၎င်းအပြင် ချင်းလူငယ်များသည် အိန္ဒိယနယ်စပ်အပြင် တခြားပြည်ပနိုင်ငံများသို့လည်း ထွက်ခွါနေကြကြောင်း သိရသည်။