စစ်အစိုးရက ပြည်ပရှိ ချင်းအမျိုးသားရေး လှုပ်ရှားသူများ အမည်ဖြင့် မဲဆွယ်စည်းရုံး

စစ်အစိုးရက ပြည်ပရှိ ချင်းအမျိုးသားရေး လှုပ်ရှားသူများ အမည်ဖြင့် မဲဆွယ်စည်းရုံး

ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီနှင့် ဖွံ့ဖြိုးရေးပါတီက ဒေသအတွင်း စည်းရုံးရေး လုပ်ရာတွင် ပြည်ပရောက် ချင်းအမျိုးသားရေး လှုပ်ရှားသူများ အမည်ကို အသုံးချပြီး ...

ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီနှင့် ဖွံ့ဖြိုးရေးပါတီက ဒေသအတွင်း စည်းရုံးရေး လုပ်ရာတွင် ပြည်ပရောက် ချင်းအမျိုးသားရေး လှုပ်ရှားသူများ အမည်ကို အသုံးချပြီး မဲဆွယ်စည်းရုံးကြသည်ဟု သိရသည်။

ယခုလ ၇ ရက်နေ့တွင် ချင်းပြည်နယ် ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေး ကောင်စီဥက္ကဌ ဗိုလ်မှူးချုပ် ဟုန်းငိုင်နှင့် ထန်တလန်မြို့နယ် အေးချမ်းသာယာရေး ကောင်စီဥက္ကဌ အပါအဝင် ကြံ့ဖွဲ့ပါတီ ခေါင်းဆောင်တို့သည် ထန်တလန်မြို့နယ်အတွင်း ဇေဖိုင်ရွာသို့ သွားရောက်ပြီး ပတ်ဝန်းကျင်ရွာ ၄ ရွာမှ ရယက အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် လူထုအသင်းအဖွဲ့ ခေါင်းဆောင်တွေကို ခေါ်ယူစည်းရုံးကြခြင်း ဖြစ်သည်။

“နိုင်ငံတော်ဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်တော့မယ်၊ ပြည်ပရောက် ချင်းခေါင်းဆောင်တွေလည်း ဝင်လာကြတော့မယ်၊ အခု ရွေးကောက်ပွဲမှာတော့ ကျတော်တို့ ပါတီကို မဲပေးကြပါ၊ နောင်ရွေးကောက်ပွဲတွေ ကျယင် သူတို့ကို မဲပေးကြပါလို့ ပြောကြတယ်” ဟု အမည်မဖော်လိုသူ ရယက ဥက္ကဌ တဦးက ပြောသည်။

“ကြံ့ဖွံ့ပါတီဟာ အစိုးရဖွဲ့ကို ဖွဲ့မှာ ဖြစ်တဲ့အတွက် ကြံ့ဖွံ့ပါတီကိုပဲ မဲပေးကြဘို့ ပြောကြတယ်” ဟု ဒေသခံ ရယက ဥက္ကဌက ပြောသည်။

ဆက်လက်ပြီး ဒေသခံ အစိုးရ ဝန်ထမ်းတဦးက “လှည့်စားတာပါ၊ ယုံနိုင်စရာ မရှိပါဘူး” ဟု ပြောသည်။

တဆက်တည်း ဗိုလ်မှူးချုပ် ဟုန်းငိုင်က ဒေသခံ ရယက ဥက္ကဌများအား ကျေးရွာအသီးသီးမှ ကြံ့ဖွံ့ပါတီအတွက် အနည်းဆုံး ၅ဝ ရာခိုင်နှုန်းစီ မဲရရှိအောင် လုပ်ကြရန် မှာကြားသွားသည်ဟု သိရသည်။

အဆိုပါ မဲဆန္ဒနယ်တွင် ချင်းအမျိုးသား ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေသခံ ဖြစ်သည့် ဦးရိုဘင် ယှဉ်ပြိုင်သွားမှာ ဖြစ်သောကြောင့် ကြံ့ဖွံ့ပါတီအတွက် စိတ်မချသဖြင့် မှာကြားသွားခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

၎င်းမဲဆန္ဒနယ်အတွင်း ချင်းအမျိုးသားပါတီသည် ပါတီစည်းရုံးရေး တကြိမ် ဝင်ရောက်ပြီး ဖြစ်သည်။ ထန်တလန်မြို့နယ် မဲဆန္ဒနယ်တွင် ယူအက်စ်ဒီပီ ပါတီမှ ပြည်နယ်ကိုယ်စားလှယ်အဖြစ် ဒေါက်တာ မှူထန်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

 

 

 

Most read this week