လမ်းခင်းပေးမည် ဆိုသည့် ကြံ့ဖွံ့ပါတီ၏ မဲဆွယ်စည်းရုံးမှုကို ချင်းလူထုက လက်မခံ

လမ်းခင်းပေးမည် ဆိုသည့် ကြံ့ဖွံ့ပါတီ၏ မဲဆွယ်စည်းရုံးမှုကို ချင်းလူထုက လက်မခံ

စစ်အစိုးရကို ကျောထောက်နောက်ခံပြုပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်ဒီပီ) ၏ ပြည်သူထောက်ခံမှု ရရှိရန် လမ်းခင်းပေးမည် ဆိုသည့် မဲဆွယ်စည်းရုံးမှုကို ချင်းလူထုက လက်မခံ....

စစ်အစိုးရကို ကျောထောက်နောက်ခံပြုပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်ဒီပီ) ၏ ပြည်သူထောက်ခံမှု ရရှိရန် လမ်းခင်းပေးမည် ဆိုသည့် မဲဆွယ်စည်းရုံးမှုကို ချင်းလူထုက လက်မခံကြကြောင်း သတင်းရရှိသည်။

ဟားခါးမြို့နယ် ကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှူး ဦးကျူံဘိခ်မှ ဟားခါးမြို့ဟောင်း ရပ်ကွက်လူကြီးများထံ ကြံ့ဖွံ့ပါတီကို မဲပေးထောက်ခံကြပါက ရပ်ကွက်အတွင်း လမ်းများကို ကတ္တရာ ခင်းပေးမည်ဟု ယခုလဆန်းပိုင်းက မဲဆွယ်စည်းရုံးခဲ့ခြင်းကို ချင်းလူထုက လက်မခံခဲ့ကြခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင်လ ၂၂ ရက်နေ့က ရပ်ကွက်လူကြီးများနှင့် ရပ်ကွက်သူရပ်ကွက်သားများ စုဝေးဆွေးနွေးခဲ့ကြပြီး  ကြံ့ဖွံ့ပါတီ၏ ကမ်းလှမ်းချက်ကို လက်မခံရန် ဆုံးဖြတ်ခဲ့ကြသည်ဟု ဟားခါးဒေသခံတဦးက ပြောသည်။

“တခြားချင်းပါတီတွေလည်း အစိုးရဖွဲ့နိုင်ရင် သူတို့ (ကြံ့ဖွံ့) လုပ်နိုင်သလောက်တော့ လုပ်ပေးနိုင်ပါတယ်။ ဒီကြံ့ဖွံ့ပါတီရဲ့ ကမ်းလှမ်းချက်ကို လက်မခံသင့်တဲ့ အကြောင်း အကြံတွေ ထွက်လာရာမှ ယခုလိုလက်မခံတာ ဖြစ်တယ်” ဟု အဆိုပါက ပြောသည်။

ဟားခါးမြို့ရှိ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များသည် အာဏာပိုင်များနှင့် ပူးပေါင်းပြီး ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက စပြီး မြို့ပေါ် ရပ်ကွက်ငယ်များတွင် လူထုအကျိူးပြုလုပ်ငန်းများ ဖြစ်သည့် လမ်းတံတားများ ခင်းပေးခြင်း၊ လမ်းဘေးကျောက်စီပေးခြင်း၊ ရေမြောင်းများကို အုပ်စီကွန် ကရစ်လောင်းပေးခြင်းတို့ဖြင့် ပြည်သူလူထုကို မဲဆွယ်စည်ရုံးနေခဲ့ကြသည်။

“စစ်အစိုးရက ဖွဲ့ထားတဲ့ ပါတီဆိုတော့ ငွေရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် လူထုအတွက်တော့ အကျိုး တစုံတရာ ဖြစ်ပါတယ်” ဟု ဘာသာရေးခေါင်းဆောင်တဦးက ပြောသည်။

သို့သော်လည်း ချင်းပြည်သူလူထု အများစု အနေဖြင့် ကြံ့ဖွံ့ပါတီကို စိတ်မဝင်စားကြကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင်လည်း ကိုယ့်ချင်းပါတီများကိုသာ မဲပေးထောက်ခံကြသူ ပိုများမည်ဟု ယုံကြည်ကြောင်း ဟားခါးဒေသခံတဦးက ပြောသည်။

ထို့အပြင် ဟားခါးမြို့ရှိ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်နေရာ ရထားကြသည့် ချင်းလူကြီးများသည်လည်း ဟားခါး ဒေသခံ များ၏ ဝေဖန်ပြောဆိုမှုများကို ခံနေကြရသည်ဟု သိရသည်။

“ဟားခါးမြို့က ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေရဲ့ သားသမီး အများစုကတော့ စစ်အစိုးရ မကောင်းဘူး ဆိုပြီး နိုင်ငံခြားမှာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်ကြတယ်။ မိဘတွေ ကျတော့လဲ ဒီစစ်အစိုးရနဲ့ ပူးပေါင်းပြီး လက်တွဲနေကြတာတော့ မသင့်တော်ဘူး ဆိုပြီး ဝေဖန်နေကြတယ်” ဟု ဟားခါးမြို့ခံ ဦးဗန်လျန်က ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရန်ကုန်တိုင်းနှင့် တခြားတိုင်းရင်းသား ဒေသတွေမှာလည်း ယင်းကဲ့သို့ အခွင့်အရေး ပေးပြီး (သို့မဟုတ်) တစုံတရာ လုပ်ဆောင်ပေးမည် ဆိုသည့် နည်းလမ်းဖြင့် ပါတီဝင်အင်အား စုဆောင်းမှုတွေ လုပ်ဆောင်နေပါသည်။