ကုန်သည်များထံ ငွေကောက်မည့် တပ်သား မလုံလောက်သဖြင့် နယ်စပ်မှောင်ခို လမ်းကြောင်းပိတ်

ကုန်သည်များထံ ငွေကောက်မည့် တပ်သား မလုံလောက်သဖြင့် နယ်စပ်မှောင်ခို လမ်းကြောင်းပိတ်

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက အိန္ဒိယ - မြန်မာနယ်စပ်ဖြတ် မှောင်ခိုလမ်းကြောင်း တခုအား ယခုနှစ်ဇူလိုင်လ (၄) ရက်နေ့ကတည်းက အကန့်အသတ်မရှိ ပိတ်ပင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်ရင်းက အိန္ဒိယ - မြန်မာနယ်စပ်ဖြတ် မှောင်ခိုလမ်းကြောင်း တခုအား ယခုနှစ်ဇူလိုင်လ (၄) ရက်နေ့ကတည်းက အကန့်အသတ်မရှိ ပိတ်ပင် လိုက်သည်ဟု သိရသည်။

ရိဒ်ခေါ်ဒါရ်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်ရင်း

အမှတ် (၂) အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းကို အသုံးမပြုဘဲ မီဇိုရမ်နှင့် ချင်းပြည်နယ် အတွင်း သွားလာနိုင်သည့် နယ်စပ်ဖြတ် မှောင်ခို လမ်းကြောင်း နှစ်လမ်းရှိသည်။

ယင်းနယ်စပ်ဖြတ် မှောင်ခို လမ်းကြောင်းကို အသုံးပြုနေကြသော ကုန်သည်များအား ငွေကောက်ခံရန် ကင်းစောင့် ပေးမည့် တပ်သားအင်အား မလုံလောက်သောကြောင့် မှောင်ခို လမ်းကြောင်း တခုကို ပိတ်ပင်လိုက်ပြီး ကျန်တလမ်း ကိုသာ ဖွင့်ပေးထားသည်ဟု သိရသည်။

“ဖိုင်ယား (မြန်မာ) - တလန်းဆမ် (အိန္ဒိယ) လမ်းကြောင်းကို ပိတ်ထားတယ်၊ ဖိုင်းယား - ဇိုသဲ လမ်းကြောင်းတော့ ဖွင့်ထားတယ်၊ ပိတ်ထားတဲ့ လမ်းကြောင်းပေါ် ဖြတ်သွားရင် တရားဥပဒေအရ အရေးယူမယ်လို့လည်း ပြောတယ်” ဟု ကုန်သည်တဦးက ပြောသည်။

တပ်သားများသည် ယခင်က အဆိုပါ မှောင်ခိုလမ်းကြောင်းပေါ်ရှိ ဘုခ်ဖီရ်းနှင့်ထင်း လေရွာများတွင် အင်အား ၈ ဦးစီဖြင့် ယာယီစခန်းခွဲများ ထားရှိပြီး ကုန်သည်များထံ ငွေကောက်လေ့ရှိသော်လည်း ယခုအခါ တပ်အင်အား မလုံလောက်သဖြင့် ထင်းလေရွာ ယာယီတပ်စခန်းကို ပြန်လည်ရုတ်သိမ်းသွားကြခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ထင်းလေတပ်စခန်းက စစ်သားတွေဟာ ဖိုင်ယား - တလန်းဆမ်လမ်းမှာ စောင့်ကြတယ်၊ အခုသူတို့ မရှိတော့ ဒီလမ်းကြောင်းကို မဖြတ်ခိုင်းပဲ ဖိုင်းယား-ဇိုသဲလမ်းကနေ ဖြတ်ဖို့ ပြောကြတယ်” ဟု ဒေသခံက ပြောသည်။

အဆိုပါ လမ်းကြောင်းတွင် မြန်မာပြည်ဖက်မှ တိရိစ္ဆာန်၊ စီးကရက်၊ ကြက်သွန်ဖြူများ သယ်ဆောင်ကြပြီး အိန္ဒိယနိုင်ငံမှ ဇာရ်ဒါး၊ ခိုင်နီးနှင့်အခြား ကုန်ပစ္စည်းများ သယ်ဆောင်ကြကြောင်း သိရသည်။

ယခုကဲ့သို့ မှောင်ခိုလမ်းကြောင်း ပိတ်ပင်လိုက်ပြီးသည့်နောက်ပိုင်းတွင် စစ်သားများသည် ယခင်ထက် အခွန်ငွေများ တိုးပြီး ကောက်ခံလာသည်ဟုလည်း သိရသည်။

“အဲဒီလမ်းကြောင်းမှာ မြင်းတွေကို အဓိက အသုံးပြုပြီး ကုန်တွေ သယ်ကြတယ်။ အရင်ကတော့ ကုန်အမျိူးအစားပေါ် မူတည်ပြီးတော့ မြင်းတကောင်မှာ ကျပ်ငွေ ၁၀၀၀ ကနေ ၂၀၀၀ အကြား အခွန်ဆောင်ရတယ်၊ ခုတော့ မြင်းတကောင်မှာ ကျပ် ၃၀၀၀ ကနေ ၅၀၀၀ အထိ အခွန်ဆောင်ခိုင်းတယ်’’ ဟု ကုန်သည်တဦးက ပြောသည်။

လွန်ခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ တီးတိန်မြို့နေဦးပါထန်းမှ မီဇိုရမ်ဘက်မှ သယ်ဆောင်လာသော မြင်း ၁၆ ကောင်စာ ဇာရ်ဒါးအတွက် လက်ရှိ ဘုခ်ဖီးရ်စခန်း တာဝန်ကျ ခလရ ၂၆၉ မှ စစ်သားများက ကျပ်ငွေ တသိန်းငါးသောင်း အခွန်ဆောင်ခိုင်းခဲ့ကြောင်း မျက်မြင်တဦးက ပြောသည်။

ရိဒ်ခေါ်ဒါရ် မြို့သစ် ခလရ ၂၆၉ တပ်ရင်းတွင် ယခင် တပ်အင်အား ရ၀  အနက် ယခု အင်အား တဝက်ခန့်သာ ရှိသည်ဟု ဒေသခံများက ဆိုသည်။