အငတ်ဘေးဒဏ်ကြောင့် ကူကယ်ရာမဲ့ ဘဝများ

အငတ်ဘေးဒဏ်ကြောင့် ကူကယ်ရာမဲ့ ဘဝများ
by -
ဇလပ်နီ
ချင်းပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းဖြစ်ပြီး နှစ်စဉ်အောက်တိုဘာ လ လယ် လောက်မှစပြီး ရိတ်သိမ်း လေ့....

ချင်းပြည်သူများ၏ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ရွှေ့ပြောင်းတောင်ယာလုပ်ငန်းဖြစ်ပြီး နှစ်စဉ်အောက်တိုဘာ လ လယ် လောက်မှစပြီး ရိတ်သိမ်းလေ့ ရှိကြသည်။

စပါးရိတ်သိမ်းချိန်အမှီ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်သို့သွားရောက်ပြီး မိမိတို့၏ နွားနောက်များကိုရောင်းချ၍လို အပ်သည့် ပစ္စည်းများကို ဝယ်ယူ လေ့ရှိကြသည်။

အနှစ်ငါးဆယ်လျင် တစ်ကြိမ်ကျရောက်တတ်သည့် ဝါးသုန်းမှုသည် ယခုနှစ်တွင် ဆိုးရွားလှသည့် ငတ် မွတ်ခေါင်းပါးမှု ဘေးဒဏ်နှင့် ရင်ဆိုင်နေကြရပြီး မခံနိုင်တော့ သည့် သူများမှာ မိသားစုအလိုက်သော် လည်းကောင်း၊ တစ်ဦးချင်း သော်လည်းကောင်း အိန္ဒိယနိုင်ငံ ဘက်သို့ ရွှေ့ပြောင်း အခြေချနေထိုင်သူဦး ရေလွန်စွာ များပြား လျက်ရှိ၏။

ချင်းလူမျိုးတို့၏ အစဉ်အလာဆိုရိုးစကားအရ ၄င်းဝါးသုန်းမှုသည် တစ်ကြိမ်ဖြစ်လျင် ၅နှစ်မှ ရ နှစ်အထိ ရှည်ကြာတတ်ပြီး ငတ်မွတ် ခေါင်းပါးမှု ဘေးဒဏ်ကာလဟု ယုံကြည်လေ့ရှိကြသည်။

၄င်းငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ရန် ပြည်ပရောက်ချင်းလူမျိုးများနှင့် အခြားသော အစိုးရမဟုတ် သည့် အဖွဲ့အစည်းများမှ ကူညီ ထောက်ပံ့နေသော်လည်း လူဦးရေအနည်းငယ်မျှသာ ထိရောက်မှုရှိသည် ဟုဆိုရမည်ဖြစ်သည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ပင်တီယာကျေးရွာသား ဦးတလဲချိတ်နှင့် ၄င်း၏သူငယ်ချင်းတို့သည် မိမိတို ့ပိုင် နွားနောက်များကို အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ လာရောက်ရောင်းချကာ ရရှိသည့်ငွေဖြင့် လိုအပ်သည့် မိသားစု အသုံးအဆောင်ပစ္စည်းများ ဝယ်ယူပြီး နောက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ၄ဝ၇ ကားဖြင့် ဆိုင်ဟားမြို့မှ ထွက်ခွာလာခဲ့ကြသည်။

၄င်းတို့၏အပြန်ခရီးသည် ပျော်ရွှင်ကြည်နူးဖွယ်ဖြစ်သော်လည်း သိပ်မကြာခင် လမ်းခရီးတစ်ဝက်မှာပင် ဝမ်းနည်း ကြေကွဲဖွယ်နှင့် ရင်ဆိုင် ရတော့သည်။

၄ဝ၇ ကားသည် အတိမ်းအစောင်းများလှသည့် တောင်ပေါ်လမ်းတစ်လျှောက်မောင်းနှင်ရင်း ဦးတလဲ ချိတ်သည် သတိထားသည့်ကြားမှ ပင် ကားပေါ်မှလွင့်စဉ်ကျပြီး ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လေ သည်။

လူနာအား၄င်းကားဖြင့်ပင် ဆိုင်ဟားမြို့သို့ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံမရောက်မှီပင် အသက်ဆုံး ပါးခဲ့ရသည်။

ဦးတလဲချိတ်နှင့်အတူ လာသည့်သူငယ်ချင်းဖြစ်သူမှာ ဦးတလဲချိတ်အတွက် ဝမ်းနည်းကြေကွဲနေသည့် ကြားမှပင် သေဆုံးသူသည် မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားမြို့၌ သဂြိုလ်ရန် နိုင်ငံခြားသားဖြစ်နေသည့်အတွက် သချိုင်းမြေ နေရာအခက်အခဲကြောင့် ရွာသို့ပင် သယ်ယူ ခဲ့ကြောင်း၊ ရွာသို့ပြန်ရောက်လျင် သေဆုံးသူ၏ မိသားစုနှင့် မည်ကဲ့သို့ ရင်ဆိုင်ရမည်ကိုတွေးရင်း စိတ်ကသိကအောင့်ဖြစ်နေကြောင်း သေဆုံးသူ၏ သူငယ်ချင်းက တဖွဖွပြောဆိုနေလေသည်။

သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူက ဆက်လက်ပြီး“ကျတော်တို့ရွာကနေထွက်အလာမှာ သေဆုံးသူ ဇနီးနှင့် ကလေးတွေက ရွာပြင်အထိ လိုက်ပို့ကြတယ်၊ သူ့ဇနီးသည်က ကျမ်းမာရေးဂရု စိုက်ဖို့၊ ကလေး တွေအတွက် လိုအပ်တဲ့ ပစ္စည်းနှင့် မိသားစုအတွက် လိုအပ်တဲ့ ပစ္စည်း တွေ သေသေချာချာ ဝယ်လာဖို့မှာ ထားခဲ့တာ၊ သူ့ရဲ့မိသားစု တွေကို ကျနော်ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာတွေးရင်း စိတ်မကောင်းဖြစ်မိ တယ်”ဟုပြောကြားခဲ့သည်။

ဇနီးသည်နှင့်တိုင်ပင်ပြီး ဝယ်စရာပစ္စည်းများ မှတ်စုထဲမှာသေသေချာချာ မှတ်ယူထားသည့် ပစ္စည်းများ ကိုခင်ပွန်းသည်က တာဝန်ကျေ ကျေဝယ်ယူခဲ့သော ပစ္စည်းများ ရွာသို့ချောချောမောမောပြန်ရောက် နိုင် သော်လည်း ခင်ပွန်းသည်မှာမူ ပုံစံပြောင်းပြီး ရွာသို့ရောက်သွား လေရှာသည်။

ထို့ကြောင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ခံနေကြရသည့် ချင်းလူမျိုးများထဲမှ ဦးတလဲချိတ်တို့ မိသားစုကဲ့သို့ ဆင်းရဲ ဒုက္ခမျိုးစုံခံစားရင်း အသက် ဆုံးပါးခဲရသူတွေ မည်မျှထိ များပြားနေသလဲ၊ မည်သည့်အချိန်ထိ ငတ်မွတ်ခေါင်းပါးမှု ဒဏ်ခံနေရဦးမလဲ၊ ၄င်းတို့၏ဆင်းရဲဒုက္ခများကို မည်သူတွေက ကူညီဖြေရှင်းပေးကြမှာ လဲ ဆိုတာ ယခုအထိ မေးခွန်းပေါင်းများစွာ မေးစရာမေးခွန်း ကျန်နေသေးသည်။

အမှန်တကယ်တော့ အငတ်ဘေးဒဏ်ကြောင့် ပြည်တွင်းရှိချင်းလူမျိုးတွေရဲ့ဘဝဟာ ကူကယ်ရာမဲ့ ဘဝတွေသာ ဖြစ်နေပါသေးသည်။