ကိုယ်စားလှယ် နှစ်ဦး စကားများရာမှ ဓားထိုးမှုဖြစ်ပွား

ကိုယ်စားလှယ် နှစ်ဦး စကားများရာမှ ဓားထိုးမှုဖြစ်ပွား
by -
ခိုင်သော်က
ပင်လယ်၊ မြစ်၊ ချောင်း၊ အင်းအိုင် တို့၏ ငါးဖမ်းလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် ရထားသော ကိုယ်စား လှယ် နှစ်ဦး စကားများ ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားရာမှ တဦး ဒဏ်ရာပြင်းထန်သဖြင့် မောင်တော ပြည်သူဆေးရုံ အရေးပေါ်လူနာဆောင်တွင် ယခုလ ဧပြီလ ၂၀ ရက်နေ့ တွင် ဆေးကုသမှု ခံယူနေကြောင်း မောင်တောမြို့နယ်မှ ဒေသခံ ကျောင်းဆရာ တဦးက....

ပင်လယ်၊ မြစ်၊ ချောင်း၊ အင်းအိုင် တို့၏ ငါးဖမ်းလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် ရထားသော ကိုယ်စား လှယ် နှစ်ဦး စကားများ ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားရာမှ တဦး ဒဏ်ရာပြင်းထန်သဖြင့် မောင်တော ပြည်သူဆေးရုံ အရေးပေါ်လူနာဆောင်တွင် ယခုလ ဧပြီလ ၂၀ ရက်နေ့ တွင် ဆေးကုသမှု ခံယူနေကြောင်း မောင်တောမြို့နယ်မှ ဒေသခံ ကျောင်းဆရာ တဦးက သတင်း ပေးပို့သည်။  

တိုင်းမှူးမှ ပေးထားသော ကိုယ်စားလှယ်မှာ မောင်တောမြို့ အမှတ် ၄ ရပ်ကွက်နေထိုင်သူ ကိုသံခဲဖြစ်ပြီး၊ နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် (နစက) မှ ပေးထားသော ကိုယ်စားလှယ်မှာ မောင်တောမြို့၊ အမှတ် ၃ ရပ်ကွက်နေ အလိုတော်ပြည့် ဆရာတော်၏ ညီသား ကိုသန်ဌေး တို့ဖြစ်သည်။

ဧပြီလ ၂၀ ရက်နေ့တွင် နစက နယ်မြေ (၇) ပိုင်ရှိ အလယ်သံကျော် ပင်လယ် ကမ်းခြေတွင် အုပ်စုဖွဲ့ ပျော်ပွဲစားထွက်ကြစဉ် ၎င်းတို့နှစ်ဦး စကားအခြေအတင် ဖြစ်ပွားရာမှ အပြန်အလှန် ဓားထိုးသတ်ကြကြောင်း ၎င်းပျော်ပွဲစားခရီးစဉ်တွင် ပါ၀င်သူ မျက်မြင် သက်သေတဦး၏ ပြောပြချက် အရ သိရသည်။

အခင်းဖြစ်ပွားရာတွင် ကိုသန်းဌေး နှင့် ကိုသံခဲ နှစ်ဦးတို့ စိန်ခေါ်၍ ထိုးသက်ကြရာမှ ကိုသန်းဌေးက လက်ဦးမှု့ရယူပြီး ကိုသံခဲ ၀မ်းဗိုက်ကို ဓားဖြင့် ထိုးခဲ့ရာ အစာအိမ်မှ အူသိမ်အူမများ ထွက်ကျလာသဖြင့် နီးစပ်ရာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရကြောင်း ထိုမျက်မြင်သက်သေတဦးကပင် ပြောသည်။

ဓားဖြင့်ထိုးသူ ကိုသန်းဌေးမှာ အခင်းဖြစ်ပွားပြီး ထိုနေရာမှပင် ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။

ယခုအခါတွင် မောင်တောမြို့နယ် ရဲများက ကိုသန်းဌေးကို အပူတပြင်း ရှာဖွယ်နေသည့်အပြင် စခန်းသို့ လာရောက် အဖမ်း ခံရန်လည်း ကိုသန်းဌေး၏ ဇနီးထံ ရဲစခန်းမှ အကြောင်းကြားစာ ပို့ထားကြောင်း သို့သော် ယခုအချိန်အထိ ဓားထိုးသူ ကိုသန်းဌေးကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း မောင်တောရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

ကိုသန်ဌေး နှင့်ကိုသံခဲတို့ ၂ ဦးသည် မောင်တောမြို့နယ်အတွင်းရှိ မြစ်၊ ချောင်း၊ အင်းအိုင် ရေပြင် ကန်ထရိုက်ဆွဲခွင့် ရရှိထားသည့် ရေပြင် ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့်အပြင် အာဏာပိုင်များ၏ မျက်နှာသာ အပေးခံရသူများလည်း ဖြစ်ကြသည်။

ထို့အပြင် ၎င်းတို့ ၂ ဦးသည် အာဏာပိုင်များ အားကိုးဖြင့် မောင်တောမြို့နယ်အတွင်းရှိ ပင်လယ် ရေလုပ်သား တံငါသည်များအပေါ် နိုင်ထက်စီးနင်းပြုကျင့်လေ့ရှိကာ အဓမ္မငွေတောင်းခံခြင်းတို့ ပြုလုပ်လေ့ရှိကြောင်း ဒေသခံ ရေလုပ်သား များက ပြောဆိုသည်။