ဖားကန့်တွင် ထပ်မံ စစ်ရေးတင်းမာလာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေ

ဖားကန့်တွင် ထပ်မံ စစ်ရေးတင်းမာလာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  နမ့်မဖစ် (Nam Hpyit) ကျေးရွာတွင် အစိုးရစစ်တပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေ တင်းမာလာသောကြောင့် ကျေးရွာသားများ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၁၅ ရက်ညနေ့မှ စပြီး ဒီဇင်ဘာ ၁၆ ရက်နံနက်အထိ နမ့်မဖစ် (Nam Hpyit) ရှိ ရိုမန်ကတ်သလစ် (RC) စစ်ရှောင်စခန်းသို့ လူဦးရေ ၅၀ ခန့်သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု ၎င်းစခန်းမှ တာဝန်ရှိဆရာတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

Hpakant-map-dec17-2014

“လူတွေပြန်ရောက်လာတော့ ခက်ခဲတယ် အရင်က UNHCR၊ ကရုဏာ၊ WFP က ဆန်တွေကူညီပေးနေတာ အခုနှစ်ကုန်လာမှ ဗြုန်းကနဲထွက်ပြေးလာတော့ အရမ်းခက်ခဲလာတယ်စားဖို့သောက်ဖို့ နေဖို့ထိုင် ဖို့ ငွေရေးကြေးရေး အဝတ်အစားစောင်တွေ ပါမလာကြဘူး သူတို့တွေက တောထဲ တောင်ထဲ ကနေကွေ့ပတ်ပြီး လာကြတယ်ဟုဆိုတော့” ဟုဆိုသည်။

အချို့ရွာသားများသည် ရွာမှထွက်ပြေးရန်လည်းကြောက်လန့်နေပြီး ရိုမန်ကတ်သလစ် (RC) စစ်ပြေးစခန်းသို့ လာခေါ်ပေးရန် စာတစ်စောင်ပို့လာသောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ၀ုိင်းဝန်းစီစဉ်နိုင်ရန် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ တာဝန်ရှိသူများထံသို့ မူရင်းစာအား အသီးသီးပေးပို့ကာ ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောသည်။

အစိုးရစစ်တပ် တပ်မ ၆၆ စစ်သားများသည်လည်း ရွာသားများ တောင်ယာနှင့် စျေးရောင်းစျေးဝယ်သွားခြင်း ကို ပိတ်ပင်နေပြီး စျေးမှပြန်လာသော ရွာသားအချို့ကိုလည်း ရွာသို့ဝင်လာခွင့်ပိတ်ပင်ခံနေ ရသောကြောင့် ကြောက်ရွံ့ကာ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ဒေသခံများမှသိရသည်။

လူဦးရေ ၁၀၀ ကျော်ရှိသော နမ့်မဖစ် (Nam Hpyit) စစ်ပြေးစခန်းသို့ ထပ်မံထွက်ပြေးတိမ်းရှောင်သူများသည် စစ်ပြေးစခန်းနှင့် ၃ မိုင်အကွာရှိ ဂါးရာယန်ကျေးရွာ (Ga Ra Yang)မှ ဖြစ်ကြောင်းသိရှိရသည်။

မြန်မာအစိုးရတပ် ဖားကန့်အခြေစိုက် တပ်မ ၆၆ သည် ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် စစ်ရေးတင်းမာလာခြင်းကြောင့် နမ့်မဖစ်ကျေးရွာအနီးရှိ ရွာသားများ ကြောက်လန့် ထွက်ပြေး တိမ်းရှောင်လာခြင်း ဖြစ်ကြောင်းသိရသည်။

အစိုးရတပ်သည် ယခုချိန် ဆိုင်းတောင်ရွာဟောင်းတွင် လက်နက်ကြီးများတပ်ဆင်ထားကာ အင်အားများတိုးချဲ့ထားကြောင်း သိရှိရသည်။ မြန်မာအစိုးရသည် စက်တင်ဘာ ၁ ရက်နေ့ ဖားကန့်ကျောက် စိမ်းမှော်ဖွင့်ပြီး ကုမ္ပဏီများ ပြန်လည်ဝင်ရောက်လာချိန်မှ အစိုးရတပ်အင်အားများတိုးချဲ့ကာ အောက်တိုဘာ လနှင့် ဒီဇင်ဘာလတွင် ရွာသားများစစ်ပြေးအဖြစ် ဒုတိယအကြိမ် ထပ်မံထွက်ပြေးတိမ်းရှောင်လာ ရခြင်းဖြစ်သည်။

Most read this week