ကချင်သမိုင်းတွင် ၀မ်းနည်းဖွယ်အထိမ်းအမှတ် ကချင်လူထု ဆုတောင်းပွဲပြုလုပ်

ကချင်သမိုင်းတွင် ၀မ်းနည်းဖွယ်အထိမ်းအမှတ် ကချင်လူထု ဆုတောင်းပွဲပြုလုပ်
by -
ကေအဲန်ဂျီ

အစိုးရစစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA စစ်သင်တန်းကျောင်းမှ ဗိုလ်လောင်းများ ကျဆုံးသွားခဲ့သည့် ၀မ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် အောက်မေ့ခွန်အားယူသည့် ဆုတောင်းပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခရစ်ယာန်ဘော်ဒါကျောင်းတွင် ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ လူထုများပြုလုပ်ခဲ့သည်။

နိုဝင်ဘာ ၁၉ ရက်နေ့က KIA ဗဟိုဌာနချုပ် လိုင်ဇာဗိုလ်လောင်း စစ်သင်တန်းကျောင်းသို့ ခရာဘွမ် (Hka Ya Bum) တောင်ရှိအစိုးတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်း ၂၃ ယောက် ကျဆုံးမှုကို ၀မ်းနည်းခြင်းအထိမ်းအမှတ် အောက်မေ့ဆုတောင်းခြင်းဖြစ်သည်။

Kachin-churches-hold-prayer-on-dead-of-23-KIA-soldiers

၎င်းအောက်မေ့ဖွယ်ဆုတောင်းပွဲကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားအသင်းတော်အသီးသီးမှ လူငယ်များနှင့် မိဘပြည်သူများလည်း ရာချီတက်ရောက်ခဲ့ကြသည်။

ဆုတောင်းပွဲတွင် KBC အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်မှ ဆုတောင်းခြင်းဖြင့် ခွန်အားယူရန် အားပေးစကားပြောဆိုသကဲ့သို့ တိုင်းပြည် စနစ်ဆိုးကြောင့် နစ်နာဆုံးရှုံးမှုများကိုလည်း လူထုနားလည်အောင်ရှင်းလင်းခဲ့့သည်။

"ယနေ့ မြန်မာပြည်မှာ ကျန်တော်တို့ တိုင်းရင်းသားပြည်သူတွေ နှစ်ပေါင်းများစွာ စစ်ဘေးကြောင့် သေဆုံးနေရ တာ အချင်းချင်းမုန်းတီးကြလို့ မဟုတ်ပါဘူး ကျနော်တို့ရဲ့ စနစ်ပေါ်လစီကြောင့် ဖြစ်ပါတယ်။ အတ္တကြီးတဲ့ ခေါင်းဆောင်ကြီးများကြောင့် ဒီနေ့ဘာမှ မသိနားမလည်တဲ့ ကျနော်တို့ပြည်သူတိုင်းရင်း သားတွေ သေကြေပျက်ဆီးနေရခြင်းဖြစ်တယ်။ ချစ်စရာကောင်းတဲ့ ဘုရားသခင်ဖန်ဆင်းထားတဲ့ လူသားများဖြစ်တယ်။ ဒါမဲ့ စနစ်ကြောင့်၊ ပေါ်လစီကြောင့်၊ အတ္တကြီးသော ခေါင်းဆောင်များကြောင့် ဒီနေ့ကျနော်တို့ သေကြေပျက်ဆီးဆုံးရှှုံးနေတာဟာ အင်မတန်မှဝမ်းနည်းစရာကောင်းတယ်" ဟု ပြောသည်။

ဆုတောင်းပွဲတွင်တက်ရောက်ပါ၀င်သည့် ငြိမ်းချမ်းရေးအကျိုးတော်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွမ်ဂျာ က သေဆုံးမှုနှင့်ပတ်သက်၍ နှစ်ဖက်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ KIO မှ ‘အစိုးရအား ငြိမ်းချမ်းရေးဆွေးနွေးမှုကို ရုပ်သိမ်းခြင်း (သို့မဟုတ်) တိုက်ပွဲပြန်လည် စတင်နေခြင်းလား’ ဟူသည့် မေးခွန် ၂  ခု ကို မေးမြန်းထားကြောင်း ပြောဆိုသည်။

“၁ နှစ်ကျော်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အစိုးရဖက်ကသာ ငြိမ်းချမ်းရေးကို မလိုလားတဲ့အတွက်ကြောင့် ဒီလိုတိုက်ခိုက်မှုနဲ့ အပြစ်ရှာလုပ်ဆောင်နေခြင်းဖြစ်တယ်ဆိုတာကို အမေရိိက၊ ဗြိတိန်၊ ဥရောပ၊ UN နဲ့ ဂျပန်နိုင်ငံတွေမှာ စာရေးအကြောင်းကြားထားပြီ” ဟု ပြောသည်။

အစိုးရဖက်မှ ယခုချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးသော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က VOA သတင်းဌာန သီးသန့်တွေ့ဆုံစဉ် အဆိုပါ ပစ်ခတ်မှုဖြစ်စဉ် အမှန်အတိုင်းဖော်ထုတ်ရန် ညွှန်ကြား ထားကြောင်း ပြောဆိုခဲ့ထားသည်။

ကချင်သမိုင်းတွင် မှတ်တမ်းတင်သည့်နေ့အဖြစ် အောက်မေ့သတိရဆုတောင်းပွဲကို ကချင်ပြည်နယ် နေရာအ သီးသီးတွင် ၃ ရက်ကြာ ဆက်လက်ပြုလုပ်ကြမည် ဖြစ်ပြီး နိုဝင်ဘာ ၂၀ မှ ၂၂ ရက် နေ့ထိ ဖြစ်ကြောင်း ကချင်လူထုများမှသိရသည်။

အောက်မေ့သတိရဆုတောင်းပွဲသို့လာရောက်ပါ၀င်သူများအား ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လက်မောင်းတွင် အနက်ရောင်ပိတ်စချည်ခိုင်းပြီး အတူတကွလက်တွဲကာ ဆုတောင်းခြင်းများပြုလုပ်ခဲ့ကြသည်။

ယမန်နေ့ပစ်ခတ်မှုသည် KIO နယ်မြေ ၃ နေရာသို့ အစိုးရတပ်များ ပစ်ခတ်ခဲ့ရာ အင်းတော်ကြီး KIA တပ်ရင်း ၂၆ ရှေ့တန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး KIA တပ်မဟာ၂ တပ်ရင်း ၁၁ နှင့် ဗဟိုဌာနချုပ် ဗိုလ်လောင်းကျောင်း တွင်မူ အများအပြားသေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဦးလမိုင်ဂွမ်ဂျာ ပြောသည််။

Most read this week