အစိုးရနှင့် KIA တိုက်ပွဲ ပြန်လည်ဖြစ်ပွား

အစိုးရနှင့် KIA တိုက်ပွဲ ပြန်လည်ဖြစ်ပွား
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇  တပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ နိုဝင်ဘာလ ၁၆ရက်က ရင်ဆိုင်တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု KIA အရာရှိတစ်ဦးက ပြောသည်။

မန်စီမြို့နယ် KIA တပ်ရင်း ၂၇ နယ်မြေ ခရှန် (Hka Shang)၊ Jan Chyai Hkret အနီးအစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ တပ်ဖွဲ့များ ဝင်ရောက်လာသဖြင့် မွန်းလွဲ ၁၂ နာရီခွဲမှာ ၁ နာရီခွဲထိ တစ်နာရီကျော်ကြာ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တပ်ရင်း ၁၂ မှ အရာရှိတစ်ဦးက ပြောသည်။

Burma-army-LID-66-troops-in-Hpakant

“Jan Chyai Hkyet အနီးမှာ တိုက်ပွဲဖြစ်တာ။ သူတို့ (အစိုးရစစ်တပ်) က ကျနော်တို့ ရှိနေတဲ့ဘက်ကို ဝင်လာလို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်သွားတာ၊ အကျအဆုံးက မသိဘူး။ အခုကျနော်တို့နေနေတဲ့နေရာနဲ့ ၃ မိုင်လောက်ဝေးတယ်” ဟု သူက ပြောသည်။

KIA ၏ Kachinnet.net တွင်လည်း အစိုးရ၏ တပ်မ ၈၈ လက်အောက်ခံ မကွေးအခြေစိုက် ခမရ (၃၁၇) အင်အား ၈၀ ကျော်သည် KIA တပ်ရင်း၂၇ နယ်မြေ အတွင်း ဝင်ရောက်လာသဖြင့် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု KIA ၏ Kachinnet.net တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း လက်ရှိ တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာအနီး နမ်ခမ်းမှ မန်ဝင်းဘက် ဂေါင်ရုန်ဘက်သို့ အစိုးရ တပ်ရင်း ၄ ရင်းခန့် စစ်အင်အား တိုးမြင့်ချထားသည်ဟုဆိုသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက မန်စီမြို့နယ်အတွင်း KIA တပ်ရင်း ၁၂ နှင့် ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် စစ်ပြေး ဒုက္ခသည် ထောင်နှင့်ချီသည် တရုတ်နယ်စပ် မိုင်းဂျာယန်၊ ဗန်းမော်နှင့် မန်ဝင်းကြီးဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထို့ပြင် KIA တပ်မဟာ ၄ လက်အောက်ခံ နယ်မြေဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း စစ်အင်အားလည်း တိုးမြင့်မှုများရှိနေဆဲဖြစ်သည်ဟု တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ မှ ဗိုလ်မှူးကြီး ဇော်ဆိုင်း က ပြောသည်။

“ကျနော်တို့ဘက်မှာတော့ အစိုးရစစ်တပ်က အင်အားတိုးချဲ့တာရှိတယ်။ ကျနော်တို့ကြားရတာက တပ်ပြောင်း တယ်လို့ ပြောတယ်။ ဒါပေမဲ့ စစ်တပ်က တက်သွားတာဘဲတွေ့တယ်။  ပြန်ဆင်းတာ မတွေ့ရသေးဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သော်လည်း KIA အပါအဝင် SSPP/SSA ၊ DKBA တို့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့သဖြင့်တွေ့ဆုံ ဆွေးနွေးမှု ရပ်ဆိုင်းခဲ့သည်။

Most read this week