ဖားကန့် KIA တပ်ရင်း ၆ နှင့် အစိုးရတပ်များကြား တင်းမာနေဆဲ

ဖားကန့် KIA တပ်ရင်း ၆ နှင့် အစိုးရတပ်များကြား တင်းမာနေဆဲ
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ တပ်မ ၆၆ တပ်တို့အကြား စစ်ရေးတင်မာလာသဖြင့် အောင်ဘာလေကျေးရွာရှိ စာသင်ကျောင်းများ ပိတ်ထားလိုက်ရ သည်ဟု KIA တပ်ရင်း ၆ တပ်မှူး ဗိုလ်မှူး တန်ဆိုင်း က ပြောသည်။

တပ်မ ၆၆ ဘက်မှ ကေအိုင်အေ တပ်ရင်း ၆ တပ်စွဲထားသော နေရာမှ အောက်တိုဘာလ ၁၇ ရက်နေ့ ၁၁ နာရီထိ မဆုတ်ခွာပေးပါက ပစ်ခတ်မည်ဟု ထပ်မံ ပြောဆိုလာသဖြင့် စစ်ရေးအဆင်သင့် ပြင်ဆင်မှုများလည်း ရှိနေသည်ဟု ဗိုလ်မှူး တန်ဆိုင်း က ပြောသည်။

“ဒီမနက် ၁၁ နာရီမှာ အဖြေပေး၊ မဆုတ်ရင် ပစ်မယ်ဆိုပြီး မနေ့က အစိုးရ တပ်မ ၆၆ က ပြောတယ်။ ဒါပေမဲ့ သူတို့ မတက်လာ သေးဘူး။ အစိုးရက ကျနော်တို့ကို သတိပေးထားတယ်ဆိုတော့ ကျနော်တို့လည်း သတိနဲ့စောင့်နေတယ်” ဟု သူက ပြောသည်။

KIA တပ်ရင်း ၆ နေရာမှ အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီတွင် နောက်ဆုံးထား ဆုတ်ခွာပေးရန် အစိုးရ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ခမရ ၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျ က ဘောင်ဘာလေကျေးရွာ လူကြီးများမှတစ်ဆင့် ပြောဆိုခဲ့သလို၊ အောက်တိုဘာလ ၁၅ နှင့် ၁၆ ရက်များတွင် လည်း ဆုတ်ခွာပေးရန် ထပ်မံ သတိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါရွာသားများက နီးစပ်ရာဒေသသို့ ထွက်ပြေးတိမ်းရှောင်လိုသော်လည်း အစိုးရ၏ တပ်မ ၆၆ က တားမြစ် ပိတ်ပင်ထားသဖြင့် စိုးရိမ်မှုများ ရှိနေသည်ဟု ဗိုလ်မှူး တန်ဆိုင်း က ပြောသည်။

“ကျနော်တို့က တိုက်ပွဲ ဖြစ်လာလို့ ရွာသားတွေကို ဖားကန့်ဘက်က IDP စခန်းတွေကို ပြောင်းဖို့ ပြောထား တာကို အစိုးရက မထွက်ခိုင်းဘူး။ ရွာသားတွေက ထွက်မရဖြစ်လို့ အခက်အခဲ ဖြစ်နေကြတယ်” ဟု သူက ပြောသည်။

အောင်ဘာလေကျေးရွာမှ အလယ်တန်းကျောင်းနှင့် ကံဆီးခေါ (Ginsi Hkaw) ကျေးရွာမှ မူကြိုကျောင်း တို့ကိုလည်း သုံးရက်ကြာ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း သူက ဆိုသည်။ အောင်ဘာလေ ကျေးရွာတွင် လူဦးရေ တစ်ထောင်ကျော်ရှိပြီး ၄င်းတို့ လုံခြံုရေးအတွက် စိုးရိမ်နေကြသည်ဟု သူက ပြောသည်။

တိုက်ပွဲပြင်းထန်လာမည့်အခြေနေကြောင့် အောင်ဘာလေဒေသခံ ၁၀၀ ကျော်သည် လုံးခင်းအသင်းတော်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေပြီဖြစ်ကြောင်း သွားရောက်ကြိုသော သူများမှသိရသည်။

ကေအိုင်အေဘက်မှ ၄င်းတို့တပ်မှ ဆုတ်ခွာပေးမည့် အစီအစဉ်မရှိကြောင်း ကေအိုင်အေ က ပြောဆိုထား သည်။

အောင်ဘာလေရွာသည် အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁ နှင့် ကေအိုင်အေ တပ်ရင်း ၆ တပ်များအကြား ပိတ်မိနေသည်ဟု ဗိုလ်မှူးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကုန်ပိုင်းက ဖားကန့်မြို့ နယ်အတွင်း အစိုးရနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည် အများအပြား ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Most read this week