အေးရှားဝေါလ်မှ ၀ါးတူ စက်ရုံ အောင်မြင်သာကျေးရွာတွင်ဖွင့်လှစ်

အေးရှားဝေါလ်မှ ၀ါးတူ စက်ရုံ အောင်မြင်သာကျေးရွာတွင်ဖွင့်လှစ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း၏ ပြန်လည်နေချထားရေးနေရာ အောင်မြင်သာ စံပြကျေးရွာတွင် စီမံကိန်းတာဝန်ယူလုပ်နေသော မြန်မာပြည် အေးရှားဝေါ (လ်) ကုမ္မဏီမှ ရုံးဝင်းတွင်သြဂုတ်လ ၂၇ ရက် နေ့က ဝါးဖြင့်ပြုလုပ်သော တူစက်ရုံဖွင့်လှစ်ခြင်း ဆုတောင်းပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

အေးရှားဝေါလ်ကုမ္ပဏီမှ ဆောက်လုပ်ပြီးစီးသော ၀ါးတူထုတ်လုပ် စက်ရုံအဆောင်ကြီးကို ဆုတောင်း အပ်နှံခြင်းတွင် စက်ရုံကြီးစတင်ဆောက်လုပ်ချိန်မှစ၍ ရွာသူ/သားများနှင့် လက်တွဲ၍ လုပ်ဆောင်သွားနိုင်ရန်၊ စက်ရုံကြီးမှ တာဝန်ယူလုပ်ဆောင်သွားမည့် လုပ်ငန်းပေါင်းစုံကို ပိုမိုတိုးတက်ကောင်းမွန်စွာလုပ်ဆောင်နိုင်ရန်နှင့် လုပ်ငန်းအပေါ်နှောက်ယှက်မှုများဘေးအန္တရာယ်ကင်းစေရန် ဆုတောင်းချက်များပါ၀င်သည်။

aung-myin-thar-relocation-village

အဆိုပါ ဆုတောင်းပွဲမှ တရုတ် CPI (China Power Investment) ကုမ္ပဏီ၏ ဆုတောင်းခံချက်များကို ရိုမန်ကက်သလစ် ဘုန်းတော်ကြီး အူလောနော်အောင် က ဦးဆောင်ဆုတောင်းပေးခဲ့ကြောင်း ဆုတောင်းပွဲ တက်ရောက်သော ဆရာတော်များမှသိရသည်။

သို့သော် အေးရှားဝေါ(လ်)ကုမ္ပဏီ၏ ဝါးတူစက်ရုံဖွင့်ပွဲ ဆုတောင်းခြင်းအခမ်းအနားပြုလုပ်ခဲ့သော်လည်း ဝါးတူပြုလုပ်သော စက်ရုံအတွက် လိုအပ်သောပစ္စည်းများ ကိုပင်မတွေ့ရသေးကြောင်း ဒေသခံဆရာ တစ်ဦးပြောသည်။

“အဲဒီနေ့က တူစက်ရုံဖွင့်ပွဲဆိုပြီး ကျနော်တို့ကို ခေါ်ပြီး ဆုတောင်းပွဲတော့ လုပ်တယ် ဒါပေမယ့် ဒီစက်က မရောက်သေးဘူးဆိုတော့ စက်ကကြီးလား၊ ငယ်လားတော့ မသိရဘူး စက်ကဘယ်တော့ ရောက်လာမလဲတော့ မသိရသေးဘူး ဝါးတွေဝယ်စုထားလည်း မရှိသေးဘူး၊ ဘာမှမသိရသေးဘူး” ဟု ဆိုသည်။

တချိန်တည်းတွင် အဆိုပါ ဝါးတူစက်ရုံကြီးအားဖြင့် ဒေသခံများနှင့်လက်တွဲလုပ်ဆောင်ရန် ပြောဆိုသော်လည်း တဖက်တွင် သဘာဝ ပတ်ဝန်းကျင်နှင့် တိရိစ္ဆာန်များ အန္တရာယ်များရှိနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG) မှ ဦး စားဂျိီက ယခုကဲ့သို့သုံးသပ်သည်။

“ပထမကတော့ အဲဒီဒေသက သဘာဝ ပတ်ဝန်းကျင်တွေ ပျက်ဆီးသွားမယ်၊ ဒေသခံတွေ တသက်လုံး လုပ်ကိုင် နေတဲ့ ဝါးတွေအားလုံး ပျက်သုန်းသွားမယ်၊ ဒုတိယကတော့ ၀ါးတူစက်ရုံကြီးမှာ ဓာတုဆေးတွေ ကိုင်ရမှာဖြစ်တဲ့ အတွက် စွန့်ပစ်ပစ္စည်းတွေမှာ အဆိပ်တွေပါလာမယ်၊ အဲဒီအတွက်ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် တိရိစ္ဆာန်တွေ အန္တရာယ်ရှိနိုင်တယ်။ အချိန်အကြာကြီးလုပ်ရင်တော့ အံသြဖွယ်ရာ ဝါးတွေအားလုံးကုန်သွားမယ်” ဟု ဆိုသည်။

ဝါးတူစက်ရုံကြီးတည်ဆောက်လာသည့်အပေါ် ဆိုးကျိုး၊ ကောင်းကျိုး မည်မျှရှိမည်ကို မသိရသေးသော်လည်း ဒေသခံများက စိတ်ဝင်စားမှုရှိသကဲ့သို့ စိုးရိမ်ပူပန်မှုများလည်းရှိနေကြောင်း သိရှိရသည်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရသော အောင်မြင်သာကျေးရွာဒေသခံများသည် အလုပ်အကိုင်များရှားပါးကာ မိမိရွာပတ်ဝန်းကျင်ရှိ တောင်ယာနှင့် စိုက်ခင်းများတွင် နေ့စားဆင်းကာ ခက်ခဲစွာရှာဖွေနေရချိ်န်လည်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် ၀ါးတူများကို ပွဲများကျင်းပချိန် အသုံးပြုများပြီး များသောအားဖြင့် တရုတ်ဖက်မှ ထုတ်လုပ်သော တူများကိုဝယ်ယူသုံးစွဲနေချိန် အောင်မြင်သာကျေးရွာတွင် ယခုကဲ့သို့ အေးရှားဝေါလ်မှ တူစက်ရုံဖွင့်လှစ်လာခြင်းဖြစ်သည်။

၎င်းအခမ်းအနားတွင် မြစ်ဆုံရေကာတာ တာဝန်ရှိအဖွဲ့ CPI၊ THPI၊ Asia World များမှ ကိုယ်စားလှယ်အသီးသီးပါ၀င်တက်ရောက်ကာ အောင်မြင်သာပြောင်းရွေ့ဒေသခံများ ၂၀၀ ကျော်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Most read this week