ကချင် KIA တပ်ရင်း (၂၇) တွင် အစိုးရနှင့် တိုက်ပွဲဖြစ်

ကချင် KIA တပ်ရင်း (၂၇) တွင် အစိုးရနှင့် တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် KIA တပ်မဟာ (၃) တပ်ရင်း ၂၇ ဒေသ နမ်ခါးဘွမ် (Nam Hka Bum)တွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၉ နာရီကျော်ချိန်တွင် နှစ်ဖက်တပ်မှ အချိန်တို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အစိုးရတပ် တပ်မ ၈၈နှင့် စကခ ၁၆ တပ်ပေါင်းစု စစ်အင်အား ၁၀၀ ကျော်သည် KIA တပ်ရင်း ၂၇ တပ်စွဲသော နေရာ သို့ ကျူးကျော်လှုပ်ရှားလာခြင်းကြောင့် ၁၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA အရာရှိများမှ သိရှိရသည်။

ပစ်ခတ်တိုက်ခိုက်ပြီးနောက် အစိုးရတပ်သည် ပြန်လည်ဆုတ်ခွာ သွားခြင်းမရှိသောကြောင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာနိုင်ကြောင်း KIA ရှေ့တန်းစခန်းမှ ကချင်သတင်းဌာနသို့ ပြောသည်။ တိုက်ပွဲတွင် နှစ်ဖက်တပ်မှ ထိခိုက်မှုကို မသိရှိရသေးပါ။

ထို့အတူ ယမန်နေ့နံနက် ၉ နာရီကျော်ချိန် မန်စီမြို့အနီးရှိ နောင်းလုပ် (Nawng Luk) ရှမ်းရွာအောက်တွင်လည်း KIA တပ်ရင်း ၂၇ တပ်ဖွဲ့မှ အစိုးရတပ်အား မိုင်းဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

အစိုးရတပ်မ ၈၈ စစ်အင်အား ၅၀ ကျော်ဖြင့်လှုပ်ရှားလာသော စစ်ကြောင်းအား KIA မှ တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း KIA စခန်းမှ သိရှိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစိုးရတပ်မ ၈၈ စစ်အင်အား ၁၀၀ ကျော် ထပ်မံစစ်အင်အား တိုးချဲ့လာသော ကြောင်း တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနိုင်ကြောင်း KIA အရာရှိများပြောသည်။

ယမန်နေ့နံနက်တွင် KIA တပ်ရင်း ၂၇ ဒေသတွင် အစိုးရတပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုရှိပြီး KIA မှ မိုင်းဖြင့် ပစ်ခတ်တိုက်ခဲ့ ကြောင်း KIA တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးဇော်ဘာ KNG ကချင်သတင်းဌာနသို့
အတည်ပြုပြောသည်။

အစိုးရတပ်သည် သန်းခေါင်စာရင်းခေါင်းစဉ်ဖြင့် မန်စီပညာရေးအထက်ကျောင်းတွင် ရောက်ရှိလာခြင်းဖြစ်ပြီး ယခုချိန် အစိုးရစစ်ကြောင်း ၅ ကြောင်း အင်အား ၁ ထောင်ကျော်ဖြင့် လှုပ်ရှားနေခြင်းဖြစ်သည် ဟုဆိုသည်။

နောင်းလုပ် (Nawng Luk) ရှမ်းရွာတွင် အိမ်ခြေ ၂၀ ကျော်ရှိသော ရွာဖြစ်ပြီး၊ နမ်ခါးဘွမ် (Namhka Bum) တောင်ခြေရှိ  နမ်ခါးရွာ၊ ဂွတ်ငူယန်ရွာများတွင် တောင်ယာများ လုပ်ကိုင်နေသော ရွာသားအချို့ကျန်ရှိနေသေး ကြောင်းသိရသည်။

Most read this week