အစိုးရတပ်များ KIA ဌာနချုပ်အနီး တပ်စခန်းတခု ထပ်မံသိမ်းပိုက်

အစိုးရတပ်များ KIA ဌာနချုပ်အနီး တပ်စခန်းတခု ထပ်မံသိမ်းပိုက်
by -
ကေအဲန်ဂျီ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး KIA ခအူ (Hka -U) စခန်းအား ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခွဲချိန်တွင် အစိုးရတပ်မှထပ်မံသိမ်းပိုက်လိုက်ကြောင်း KIO နည်းပညာအဖွဲ့ Technical Advisory Team မှ ဆရာဒေါင်ခါး ပြောသည်။

ထိုစခန်းသည် ယမန်နေ့တွင် အစိုးရတပ်များလက်နက်ကြီးဖြင့် ပစ်ခတ်၍ တပ်စွဲလိုက်သော KIA ဂျာအိန်ယန်စခန်း (Ja Ing Yang post) မှ ၆ မိုင်အကွာတွင် ရှိသောစခန်းဖြစ်ပြီး အစိုးရတပ် တပ်မ ၉၉ စစ်ကြောင်းသည် စစ်အင်အား ၂၀၀ ကျော်ဖြင့် ထပ်မံပစ်ခတ်တိုက်လာခြင်းကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၁၈ ဖက်မှ ထပ်မံနောက်ဆုတ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

kng

KIA ဖက်မှနောက်ဆုတ်ထားသော ခအူ (Hka U) ၎င်းအစိုးရတပ်ဖွဲ့ သည် KIA စခန်းအား မီးရှိှု့ ဖျက်ဆီးနေကြောင်း ရှေ့တန်း KIA စခန်းကိုလည်း အစိုးရတပ်များသိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KIA ရှေ့တန်းတပ်ဖွဲ့ဝင်တဦးပြောသည်။

ထိုသို့တိုက်ပွဲများပြန်လည်ဖြစ်ပွားလာသောကြောင့် KIO နည်းပညာအဖွဲ့မှ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) သို့ တိုက်ပွဲများပြင်းထန်လာနိုင်သောအခြေအနေကို ယနေ့အကြောင်းကြားထားကြောင်း KIO နည်းပညာအဖွဲ့ Technical Advisory Team ပြောခွင့်ရ ဆရာဒေါင်ခါး KNG ကချင်သတင်းဌာန သို့ပြောသည်။

“အစိုးရဖက်က သစ်ခိုးထုတ်တဲ့ကုန်သည်တွေကိုဆိုပြီး လိုက်နေကြတာ နောက်မှာ KIA ဖက်က တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာရင်တော့ ပြင်းထန်တဲ့တိုက်ပွဲကြီးဖြစ်လာမယ် အခုက နေရာဖယ်ပေးနေတဲ့ အတွက် ပြဿနာကြီးတော့ မဟုတ်သေးဘူး ဒါမဲ့ KIA ဘက် တန်ပြန်တိုက်ခိုက်လာရင်တော့ တိုက်ပွဲကြီးတွေ ဖြစ်လာမယ်” ဟု ဆိုသည်။

ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က အစိုးရတပ်သိမ်းပိုက်လိုက်သော KIA တပ်ရင်း ၁၈ ဂျာအိန်ယန် (Ja Ing Yang) စခန်းအနီးတွင် ဗန်းမော်ဘက် တပ်မ ၉၉ မှ စစ်ကား ၅ စင်းဖြင့် စစ်အင်အား ၁၀၀ ကျော်စစ်အင်အားများ တိုးချဲ့ထားကြောင်းရှေ့တန်း မှသိရသည်။

ထိုနည်းတူ အစိုးရတပ် နမ်ဆန်ယန်စခန်း တပ်မ ၃၃ နှင့် စကခ ရ တို့သည် ဘန်ဒေါင် (Ban Dawng) KIO ဖွံဖြိုးရေးဒေသ KIA တပ်များရှိရာနေရာသို့ လက်နက်ကြီး ၁၂၀ မမ ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဌာနချုပ်မှ KIA အရာရှိတဦးပြောသည်။

“စစ်အင်အားတွေတိုးချဲ့နေတယ် တပ်အပြောင်းအလဲလား တော့မပြောတတ်ဘူး ကျနော်တို့က နိုင်ငံရေးဆွေးနွေးဖို့ရန်ညှိနှိုင်းနေတယ် ဒါမဲ့အစိုးရတပ်က တော့ ကျနော်တို့လိုချင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို မဆွေးနွေးချင်ဘူး သူတို့က အပစ်ခတ်ရပ်စဲရင်ပြီးပြီ ဆိုပြီးရည်ရွယ်နေတယ် ပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးဖို့ ကျနော်တို့ကို စစ်အင်အားတွေနဲ့ဖိအားပေးနေတယ် ကျနော်တို့ ပစ်ခတ်ရပ်စဲသည်ဖြစ်စေ မရပ်စဲသည်ဖြစ်စေ ယခုလို တိုက်ပွဲမဖြစ်တဲ့နေရာမှာလည်း စစ်အင်အားနဲ့ နေရာတိုင်းမှာနေရာယူထားတယ် ဂျာအိန်ယန်၊ ရှဒန်ယန်ပါ (Shadan Pa) နေရာ အနီးတဝိုက် KIA တပ်စခန်းတွေမရှိအောင်လုပ်နေတယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

ယခုရက်ပိုင်းတွင် ဗဟိုဌာနချုပ် လိုင်ဇာအနီးတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ပြီး အစိုးရတပ် များဖက်မှ KIA တပ်များ၏စခန်းများကို ထပ်မံသိမ်းပိုက်နေရာယူလာခြင်းဖြစ်ကြောင်းသိရသည်။

Most read this week