သန်းခေါင်စာရင်းတွင် ကချင်အမည်ထည့်သွင်းရန် နှစ်ခြင်းအသင်းတော်ကြေညာချက်ထုတ်

သန်းခေါင်စာရင်းတွင် ကချင်အမည်ထည့်သွင်းရန် နှစ်ခြင်းအသင်းတော်ကြေညာချက်ထုတ်
by -
ကေအဲန်ဂျီ

လာမည့် မတ်လသန်းခေါင်စာရင်း ကောက်ယူရာတွင် ကချင်မျိုးနွယ်စုများအနေဖြင့် လူမျိုးနေရာတွင် ကချင် 101 အဖြစ် ထည့်သွင်းကြရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဇန်နဝါရီလ ၂၀ ရက် နေ့၌ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အသင်းတော်အသီးသီးတို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး ကချင် 101 တွင် ထည့်သွင်းသွား ရန် သဘောတူညီကြကြောင်း သိရှိရသည်။

“အရေးကြီးရင်တော့ KBC ကနေ အသင်းတော်တွေကို တိုက်ရိုက် ကြေညာတယ်၊ ပြည်တွင်း ပြည်ပအားလုံး အတွက် ကြေညာ တယ်၊ အင်တာနက်ကနေလည်းကြေညာတယ်” ဟု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ Rev. Dr. Hkalam Sam Sun က KNG ကချင်သတင်းဌာနသို့ ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် မျိုးနွယ်စု ၆ ခုပါ၀င်သော ကချင် မျိုးနွယ်စုများအတွင်း လူမျိုးနာမည် ၁၂ မျိုးဖြင့် ကောက်ယူမည် ဖြစ်သဖြင့် လူမျိုးစုအရေအတွက်များ ကွဲပြားသွားနိုင်သောကြောင့် ယင်းကဲ့သို့ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

လူမျိုးစု အမည်များ သတ်မှတ်ခြင်း နှင့် ပတ်သက်၍ ကချင် နိုင်ငံရေး အဖွဲ့အစည်းများကလည်း ဝေဖန်ထောက်ပြ ထားကြသည်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC တွင် လော်ဝေါ်၊ လီဆူ၊ အဇီး (ဇိုင်ဝါး)၊ ရဝမ်၊ ဂျိန်းဖော့၊ လရှီ (လချိတ်) လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် နှစ်ခြင်းအသင်းတော်ဖြစ်ခြင်းကြောင့် သာသနာဆရာများ ပေးထားသည့် “ကချင်” ဟုသည့် နာမည် တွင်ထည့်သွင်းသွားရန် ကြေညာခြင်း ဖြစ်သည်။

ကမ္ဘာနှင့် မြန်မာတွင်ဆက်သွယ်ရာတွင်လည်း “ကချင်” ဟုသာ သိနေကြသဖြင့် အားလုံးက “ကချင်” လူမျိုး အဖြစ်သာ ထည့်သွင်းရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လွန်ခဲ့သည့် နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့ တွင်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာမြို့တွင် KIO မှကြီးမှူး၍ ကချင်မျိုးနွယ်စုများအားလုံး ‘ကချင်’ အမည်ဖြင့် စာရင်း ထည့်သွင်းရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

KBC နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်လက်အောက်တွင် အသင်းတော်ပေါင်း ၃၁၀ ရှိပြီး အသင်းသားပေါင်း ၃ သိန်း ၈ သောင်း ၆ ထောင် ကျော်ရှိကာ ယခုချိန်တွင် ပြည်တွင်းစစ်ကြောင့် လူဦးရေ ၆ သောင်းကျော်မှာ KIO ထိန်းချုပ် နယ်မြေတွင်ခိုလှုံလျက်ရှိ သည်။

၂၀၁၁ ခုနှစ်မှ ပြန်လည် စတင်ခဲ့သည့် တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်ရှိ ဆမားဇုံနယ်နှင့် ရှမ်းပြည်ရှိ နှစ်ခြင်း အသင်းတော် ဘုရားကျောင်း ၆၄ ကျောင်း ပျက်စီးးခဲ့ရသည်။

Most read this week