မုန်းဒိန်ပါရွာမှ အစိုးရတပ်များဆုတ်သွားသော်လည်း ရွာသားများကြောက်လန့်နေဆဲ

မုန်းဒိန်ပါရွာမှ အစိုးရတပ်များဆုတ်သွားသော်လည်း ရွာသားများကြောက်လန့်နေဆဲ
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါ (Mung Ding Pa) ကျေးရွာတွင်လှုပ်ရှားနေသော အစိုးရတပ်များသည် ယနေ့နံနက် ၄ နာရီတွင် ရွာမှဆုတ်သွားသော်လည်း ရွာအနီးတွင်သာ ဆက်လက်ရှိ နေခြင်းကြောင့် စိုးရိမ်ကြောက်လန့်နေဆဲဖြစ်ကြောင်း ဒေသခံများပြောသည်။

အစိုးရတပ်များသည် မုန်းဒိန်ပါရွာသားများအား လွန်ခဲ့သည့်ရက်များတွင် ခရစ်ယာန်ဘုရားကျောင်းသို့ ထိမ်းသိမ်းထားခြင်းမှ ယနေ့နံနက်တွင်အနီးသို့ဆုတ်ထားခြင်းဖြစ်သည်။

“ဘုရားကျောင်း ရွာအတွင်းကနေတော့ ထွက်သွားတယ် ဒါမဲ့ရွာအနီးမှာဘဲရှိနေကြတော့ ရွာသားတွေက တောင်ယာ၊ လယ်ယာ ရိပ်သိမ်းဖိုသွားချိန် လမ်းတွေမှာ အစိုးရစစ်သားတွေအများကြီးရှိနေတာ တွေ့တော့ ကြောက်ပြီးရွာထဲ ပြန်ပြေးလာတယ်” ဟု မုန်းဒိန်ပါမှ ဆရာဇယ်ထောင်း (Sara Ze Htawng) KNG ကချင်သတင်းဌာနသို့ ပြောသည်။

မုန်းဒိန်ပါရာတွင် လှုပ်ရှားနေသော စုပေါင်းတပ်သည် ရွာသားများအား ခြိမ်းခြောက် နှိပ်စက် ပစ်ခတ် မှုကြောင့် အသက်ကြီးတစ်ဦးဖြစ်သော ဖော်လုကော့ (Labang Jan Hpaulu Kaw) ထိပ်လန့်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် အစိုးရတပ်မှ သင်းထောက် ဦးမွေဖုဂမ်အောင် (Hpungtau Mwihpu Gam Awng)နှင့် ဦးဖောင်ယမ်ခါး (Slg. Hpauyam Hka) တို့အား ဖမ်းဆီးခေါ်ဆောင်သွားရာ ယခုချိန် သင်းထောက် ဦးမွေဖုဂမ်အောင်သာ အိမ်သို့ ရောက်ရှိလာသေးကြောင်း ရွာသားများပြောသည်။

ထို့ကြောင့် ဒေသခံများသည် အစိုးရတပ်များဆုတ်သွားသယောင်ရှိသော်လည်း အနီးတွင် ဆက်လက်လှုပ်ရှား ၍ စောင့်ကြည့်နေသောကြောင့် မိမိတို့လုံခြုံရေးအတွက်စိုးရိမ်နေကြသည်။

ထို့သို့ မုန်းဒိန်ပါရွာတွင် သောင်းကျန်းနေသော အစိုးရတပ်များအား ရွာမှဆုတ်ပေးရန် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO)မှ အစိုးရသက်ဆိုင်ရာများနှင့် ဦးအောင်မင်းအား တရားဝင်ပြောဆိုခဲ့ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG (Peace-talk Creation Group)မှ ဦးလမိုင်ဂွမ်ဂျာ (Lamai Gum Ja) ပြောသည်။

“အစိုးရတပ် ၁၀ ကျော် အဲလို လှုပ်ရှားနေတော့ ရွာသားတွေစိုးရိမ် ဒုက္ခသည်ရောက်တယ် ငြိမ်းချမ်းရေး လုပ်ဆောင်ရာမှာ ယုံကြည်မှု မရှိလာဘူး။ အဲဒီအတွက်ကြောင့် ကြိုတင်ပြီး အစိုးရတပ်တွေကိုပြောထားတယ် တခါတည်း ပြန်သွားတာလား ဒါမှမဟုတ် အဲဒီကနေဆုတ်ပြီး ဘယ်နေရာတွေမှာရှိနေလဲတော့ မသိဘူး”

မုန်းဒိန်ပါရွာတွင် လှုပ်ရှားနေသောအစိုးရတပ်သည် စခက ၂၁ နှင့် ၁၆ တပ်ရင်းပေါင်း ၁၀ ကျော်ရှိပြီး ခလရ ၆၉၊ ခမရ ၆၀၁ အင်အား ၂၀၀ ကျော် ရှိနေကြောင်းသိရသည်။

ယခုချိန် ထိုသို့တင်းမာမှုများကြောင့် ထိမ်းသိမ်းခံရသော ရွာသားများနေ့စဉ် သောက်သုံးရေအခက်ခဲရှိနေပြီး ဘုရားကျောင်းတွင် အိမ်သာ ၂ လုံးသာရှိခြင်းကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း စခန်းမှသိရသည်။

၎င်းအစိုးရတပ်သည် ကောင်ဂျာရွာနှင့် မုန်းဒိန်ပါရွာမှ အမျိုးသားအချို့ကိုလည်း လမ်းပြအပြစ် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရသည်။

အစိုးရဖက်မှသဘောတူညီအချက်အရ မကြာမီ အောက်တိုဘာ ၂၈-၂၉ ရက်နေ့အတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လိုင်ဇာမြို့တွင် တွေ့ဆုံဆွေးနွေးပွဲရှိနေချိန် ယခုကဲ့သို့ပြန်လည် တင်းမာလာ သောကြောင့် စိုးရိမ်နေရပြီး အခြေအနေကို နှစ်ဖက်ထိမ်းထိမ်းသိမ်းသိမ်း လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ငြိမ်းချမ်းရေးအကျိုးတော်ဆောင် PCG ဦးလမိုင်ဂွမ်ဂျာ ကပြောသည်။

Most read this week