မုန်းဒိန်ပါရွာသား ရ၀၀ ကျော်အား အစိုးရတပ်က ဘုရားကျောင်းတွင် အဓမ္မထိန်းသိမ်းထား

မုန်းဒိန်ပါရွာသား ရ၀၀ ကျော်အား အစိုးရတပ်က ဘုရားကျောင်းတွင် အဓမ္မထိန်းသိမ်းထား
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မုန်းဒိန်ပါ (Mungding Pa) ကျေးရွာနေ ကချင်ရွာသား ရ၀၀ ကျော်အား မြန်မာအစိုးရတပ်ဖွဲ့စစ်ကြောင်းက အောက်တိုဘာ ၂၂ ရက်နေ့မှစ၍ ကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းတွင် လုံခြုံရေးချကာ ထိမ်းသိမ်းထားကြောင်းသိရသည်။

စစ်အင်အား ၂၀၀ ကျော်ရှိသော အစိုးရတပ်သည် ကောင်ဂျာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ မုန်းဒိန်ပါ ရွာသို့ဝင်ရောက်ပြီး ရွာသားများအား ခြိမ်းခြောက်ပစ်ခတ်ပြီး ဘုရားကျောင်းဝင်းသို့ ခေါ်ဆောင်ထိမ်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း မုန်းဒိန်ပါမှ ဆရာဇယ်ထောင်း (Sara Ze Htawng) KNG ကချင်သတင်းဌာနသို့ ပြောသည်။

mungding-pa-map

ဆရာဇယ်ထောင်းက “ဒီမနက်တော့ တချို့ကို အိမ်ကဆန်သွားယူခိုင်းပြီး ဘုရားကျောင်းမှာဘဲ အားလုံးပြန် လာချက်ခိုင်းတယ်၊ ရွာအပြင်ထွက်ရင် ပစ်သတ်မယ်ဆိုပြီးပြောတယ်၊ ရွာထဲမှာက သူတို့ကြိုက်တဲ့ ပစ္စည်းတွေ ကြိုက်သလိုလုပ်နေကြတယ်၊ ရွာပတ်ပတ် လည်လည်သူတို့ရှိနေတယ်”ဟု ပြောသည်။

ယမန်နေ့ နံနက်တွင် အစိုးရတပ်များလှုပ်ရှားလာခြင်းကြောင့် KIA တပ်ရင်း (၁၂) နယ်မြေ (ရှမ်းပြည်နယ် ဘက်ခြမ်း) မဘိန်းမြို့နယ် ရွှေလီမြစ်အနောက်ဘက်မှ ဆဂနမ်ခွမ် (Saga Nam Hkum) တွင် တိုက်ပွဲဖြစ်ပွာ ခဲ့ကြောင်း တပ်မဟာ (၃) KIA ရှေ့တန်းစခန်းက ပြောသည်။

ယခုချိန် KIA တပ်မဟာ (၃) အောက် တပ်ရင်း (၁၂) ဒေသရှိ သံတံတား၊ မုန်းဒိန်ပါ၊ မန်ကာ၊ ကောင်ဂျာ ဒေသများတွင် အစိုးရတပ် စစ်အင်အား ၁၀၀၀ ကျော်ခန့်လှုပ်ရှားနေပြီး မုန်းဒိန်ပါရွာ၌ လှုပ်ရှားနေသော အစိုးရတပ်သည် တပ်မ ၉၉၊ တပ်မ ၈၈ စစ်ကြောင်းများဖြစ်သည်ဟု သိရသည်။

၎င်းအစိုးရတပ်သည် ယမန့်နေ့ ရွာသို့ လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်စဉ် ကျည်ဆံသည် ဘုရား ကျောင်းသို့  ထိမှန်ပြီး အက်ကွဲသွားကြောင်း ဒေသခံများပြောသည်။

မုန်းဒိန်ပါကျေးရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး လူဦးရေ ၂၀၀၀ ကျော်ရှိရာ အချို့ကျေးရွာသားများသည် နက်လက်ကြီးများရွာသို့ ပစ်ခတ်လာချိန်၌ မိမိလုံခြံုရာလယ်ယာများ နေရာဒေသအသီးသီးသို့ ထွက်ပြေး သွားကြောင်းသိရသည်။

“စားသောက်ဖို့က သိပ်စိုးရိမ်စရာမရှိဘူး၊ လယ်တွေယာတွေရှိတဲ့နေရာဖြစ်တယ်၊ အခုရှိနေတဲ့အစိုးရတပ်က ရွာသားတွေကို ဘယ်လိုထိန်းချုပ်ထားလဲဆိုတာကိုပဲ စိုးရိမ်ရတယ်၊ ဆွေးနွေးပွဲမှာ စစ်ရှိန်လျှော့ချရေးနဲ့ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားရန် သဘောတူထားတယ်၊ ဒါပေမယ့်သူတို့ဘက်က လှုပ်ရှားလာပြီး တိုက်ပွဲတွေ ဖြစ်လာတော့ KIO ကို လက်မှတ်မထိုးတဲ့အတွက်ကြောင့် ပစ်လို့ရတယ်ဆိုတဲ့ သဘောနဲ့ ပစ်နေတယ်လို့ မြင်တယ်” ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဌ ဆလန်ကဘာဒွဲပီဆာ KNG ကချင်သတင်းဌာနသို့ ပြောသည်။

မြစ်ကြီးနားမြို့ ဆွေးနွေးပွဲတွင် စစ်ရှိန်လျှော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွား စေရေးအတွက် ပူးတွဲ စောင့်ကြည့် ကြိီးကြပ်ရေး ကော်မတီ (Joint Monitoring Committee) အား ပဋ္ဋိပက္ခဖြစ်ပွား ရာဒေသ အားလုံး အကျံုးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွား ရန်သဘောတူခဲ့ခြင်းဖြစ်သော်လည်း အစိုးရတပ်ဖက်မှ စစ်အင်အားတိုးချလှုပ်ရှားမှုများကြောင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

Most read this week