ပူတာအိုခရိုင်ဒေသအချို့တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ မရရှိသေး

ပူတာအိုခရိုင်ဒေသအချို့တွင် ကျောင်းသုံးပုံနှိပ်စာအုပ်များ မရရှိသေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ရှိ အစိုးရ အခြေခံပညာသင်ကြား ရေးကျောင်းများတွင် ယခုချိန်ထိ ပုံနှိပ်စာအုပ်များမရရှိသေးသောကြောင့် ကျောင်းသူ/သားများ စာသင်ကြား မှုတွင် နေ့စဉ်အခက်အခဲရင်ဆိုင် နေရကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်တွင်  အထက်တန်းကျောင်း ၁ ကျောင်း၊ အလယ်တန်းကျောင်း ၄ ကျောင်း၊ မူလတန်း ကျောင်း ၄၉ ကျောင်းရှိသော်လည်း ပညာရေးဖွံ့ဖြိုးမှုတွင် နှောင့်နှေးနေဆဲဖြစ်ပြီး ၂၀၁၃-၂၀၁၄ ပညာသင် နှစ်အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ်များ ယခုထိ မရရှိသေးကြောင်း ခေါင်လန်ဖူးဒေသခံ ဦးဒေးဗစ်က ကချင်သတင်းဌာနသို့ ပြောသည်။

သူက“အခုထိမရောက်သေးဘူး အလယ်တန်း၊ အထက်တန်း၊ မူလတန်း အကုန်လုံးဘဲ စာအုပ်မရတာ။ အရင်နှစ်က ပုံနှိပ်အဟောင်းတွေရှာပြီးတော့ ပေါင်းသုံးနေကြတာ၊  အားလုံးမရတော့ အရမ်းခက်တယ်” ဟု ပြောသည်။

ခေါင်လန်ဖူး မြို့နယ်တွင် အစိုးရပညာရေး ဝန်ထမ်းများနည်းပါးသောကြောင့် ဒေသခံထဲမှ ၄ တန်း ၅ တန်းအောင်မြင်သူများကို  မူပြဆရာ/မ များအဖြစ်ခန့်အပ်ကာ သင်ကြားပေးနေသည့် အခြေအနေမျိုးတွင် ထိုသို့ ကျောင်းသုံး ကရိယာ ပုံနှိပ်စာအုပ်များလိုအပ်နေခြင်းဖြစ်ကြောင်းလည်း ပြောသည်။

နှစ်စဉ် ကျောင်းဖွင့်ချိန်နောက်ကျပြီး ကျောင်းသုံးစာအုပ်ခက်ခဲမှုနှင့် ၀န်ထမ်း ခက်ခဲမှုကြောင့် အထက်တန်း ကျောင်းအဆင့် အောင်မြင်သည့် ကျောင်းသားများရှားပါးနေဆဲဖြစ်ကြောင်း သိရသည်။

ခေါင်လန်ဖူးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ကျောင်းသားများ ကျောင်းစာအုပ်ပြဿနာခက်ခဲခြင်းတို့ကို နှစ်စဉ်ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ခေါင်လန်ဖူးဒေသတွင် စစ်အစိုးရနှင့် ပြည်သူ့စစ် ဦးအတန်အဖွဲ့ပူးပေါင်း၍  ဒေသဖွံ့ဖြိုးရေးဟုဆိုကာ သစ် ထုတ်နေသော နေရာဖြစ်သည်ဟု ဒေသခံများမှသိရသည်။

မြန်မာအစိုးရသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေဆဲကာလ ယခုကဲ့သို့ ကျောင်းပညာရေး နောက်ကျနေခြင်းသည် မဖြစ်သင့်ကြောင်းနှင့် ကလေးများအနာဂတ်အတွက် ပညာရေးဖွံ့ဖြိုးတိုးတက်ရန် အမြန်ဆုံးဖြေရှင်းပေးသင့်ကြောင်း ဒေသခံများကပြောဆိုနေကြသည်။

Most read this week