အစိုးရနှင့် KIO ပထမနေ့တွေ့ဆုံပွဲ နှစ်ဖက်တိုးတက်မှုများကိုဆွေးနွေး

အစိုးရနှင့် KIO ပထမနေ့တွေ့ဆုံပွဲ နှစ်ဖက်တိုးတက်မှုများကိုဆွေးနွေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အကြား အောက်တိုဘာ ၈၊ ၉၊ ၁၀ အတွင်းတွေ့ဆုံဆွေးနွေးမှုကို စတင်ခဲ့ရာ ပထမနေ့တွင် နှစ်ဖက်သဘော တူညီခဲ့သော အချက်များ၏ ရလဒ်များကိုဆွေးနွေးတင်ပြခဲ့ကြသည်။

ပြီးခဲ့သည့် မေလ ၂၈-၃၀ အတွင်း နှစ်ဖက်သဘောတူညီ လက်မှတ်ထိုးခဲ့သော အချက်များနှင့်ပတ်သက်၍ လက်ရှိအောင်မြင်မှု အတိုင်းအတာများကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အစည်းဝေးတွင်ပါ၀င်သည့် ငြိမ်းချမ်း ရေးအကျိုးတော်ဆောင်အဖွဲ့ PCG မှ ဦးလမိုင်ဂွမ်ဂျာ ပြောသည်။

myitkyina-majoi-gawknu-hall

သူက “ဒီနေ့တော့ တဖွဲ့နဲ့တဖွဲ့မိတ်ဆက်ကြတယ် နှုတ်ခွန်းဆက်ကြတယ်။ သဘောတူလက်မှတ်ထိုးထားတဲ့ လုပ်ငန်းအပေါ်မှာ လုပ်ဆောင်သွားခဲ့တာတွေ တိုးတက်မှုရှိမရှိ နှစ်ဖက်တင်ပြကြတယ်။ ညနေပိုင်းမှာ Joint Monitoring နဲ့ပတ်သက်တဲ့ပြီး ပြန်ဆွေးနွေးကြတယ်။ အဲဒီဆွေးနွေးချက်အောက်မှာပဲ ခုထိမပြီးသေးပါဘူး။ မနက်ဖန်လည်း အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆွေးနွေးမယ်” ဟု ပြောသည်။

ယခုတခါ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူထားသည့်အချက်အလက်များကို မူချမှတ်နိုင်သည်ထိ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း KIO နည်းပညာအဖွဲ့ Technical Advisory Team မှ ဆရာဒေါင်ခါးပြောသည်။

ဆရာဒေါင်ခါးက “ဒီတခါတော့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး မူချမှတ်မယ်၊ ချမှန်နိုင်အောင်ဆွေးနွေးကြမှာပါ။ Joint Monitoring နဲ့ပတ်သက်ပြီးတော့လည်း မူချမှတ်နိုင်အောင်လုပ်ဆောင်မှာပါ။ နှစ်ဖက်တပ်တည်နေရာ အနေထားပြမြေပုံတွေ ကိုလုပ်သွားမယ်။ နိုင်ငံရေးဆွေးနွေးတယ်ဆိုတဲ့အဆင့်မှာတော့ အရင်က Ceasefire ကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့လုပ်ဆောင်မှုတွေကို မေးမြန်းဆွေးနွေးမှုတွေပြုလုပ်သွားမှာပါ။ ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုဆိုတာကို ဘယ်လိုပုံစံနဲ့ဆွေးနွေးမလဲ ဆိုတာတွေကို ဆွေးနွေးမယ်လို့ ပြင်ဆင်ထား တာပါ” ဟု ပြောသည်။

အဆိုပါ ၃ ရက်ကြာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးမှုတွင် စောင့်ကြည့်လေ့လာသူများအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယားနှင့် မေရီယံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မစ္စတာ ၀မ်ရိဖန်းဦးဆောင်သောအဖွဲ့ ၅ ဦးတက်ရောက်ပြီး တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မျိုးနွယ်စုနှင့် လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖ အသင်းအဖွဲ့များမှ ပါ၀င်တက်ရောက်ခဲ့ကြောင်း သိရသည်။

Most read this week