လိုင်ဇာတွင် ဒုက္ခသည်များဘောက်ချာ စနစ်ဖြင့် ၀ယ်ယူနိုင်သော စျေးရောင်း ပွဲတော်ပြုလုပ်ပေး

လိုင်ဇာတွင် ဒုက္ခသည်များဘောက်ချာ စနစ်ဖြင့် ၀ယ်ယူနိုင်သော စျေးရောင်း ပွဲတော်ပြုလုပ်ပေး
by -
ကေအဲန်ဂျီ

တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့တွင် ဒုက္ခသည်များအတွက် ၄င်းတို့လိုအပ်သောပစ္စည်းများကို သတ်မှတ် ချက် ပမာဏနှင့်အညီ လက်မှတ် (ဘောက်ချာ)စနစ်ဖြင့် ၀ယ်ယူနိုင်သည့် စျေးရောင်းပွဲတော်တခုကို ယမန် နေ့ စက်တင်ဘာ ၁၉ ရက်နေ့က မေတ္တာဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနှင့် ကချင်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ (KRDC) တို့မှကြီးမှူး၍ လိုင်ဇာ မနောကွင်း မဂျွယ်ခမ်းမတွင် ကျင်းပပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောက်ချာစနစ်ဖြင့်ဝယ်ယူနိုင်သောစျေးရောင်းပွဲတော်တွင် အဓိက တကိုယ်ရေ သန့်ရှင်းရေး အသုံးဆောင်ပစ္စည်းနှင့် အိမ်ခန်းအသုံးဆောင်ပစ္စည်းများဖြစ်ပြီးဒုက္ခသည်များအတွက် သီးသန့် ပထမအကြိမ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း KRDC အတွင်းရေးမှူး ဆလန်ကဘာ ဦးအောင်ဂျီ က ပြောသည်။

စက်တင်ဘာ ၁၉ စျေးရောင်းပွဲသို့ ရောက်လာကြတဲ့ လိုင်ဇာ ၀န်းကျင်မှ ဒုက္ခသည်များ

“အရင်ကဆောင်းအဝင်မှာဆို ကျွန်တော်တို့ လိုအပ်တဲ့ပစ္စည်းအစုံကို ဒုက္ခသည်တွေကို ထုတ်ပေးတယ်။ ဒါပေမယ့် သူတို့လိုအပ်တဲ့ပစ္စည်းဟုတ်မဟုတ်မသိနိုင်ဘူး။ ဒါကြောင့် သူတို့အမှန်တကယ် လိုအပ်တဲ့ ပစ္စည်းတွေရနိုင်အောင် လိုင်ဇာမြို့မှာရောင်းနေတဲ့စျေးဆိုင်တွေနဲ့ညှိပြီး၊ ဒီပွဲကို စီစဉ်ရခြင်းဖြစ်တယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

စျေးဆိုင်များတွင် တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ဆပ်ပြာမျိုးစုံ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ Brush၊ အမျိုးသမီးအသုံံးအဆောင်ပစ္စည်းများရရှိနိုင်ပြီး အိမ်ခန်းသုံးအရောင်းပစ္စည်းများတွင် စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ခေါင်းအုံးစွပ်၊ ဖျာ စသဖြင့် အသုံးပစ္စည်းအစုံအလင်ကို အရည်အသွေး တူညီစွာဖြင့်
ရောင်းချပေး ခြင်းဖြစ်ကြောင်းသိရသည်။

ဒုက္ခသည်များသည် ၄င်းတို့အသုံးလိုသောပစ္စည်းများကိုသာ သတ်မှတ်ထားသော ပမာဏကို ကြည့်၍ စျေးရောင်းပွဲတွင် ဘောက်ချာဖြင့် ရွေးချယ်ဝယ်ယူခဲ့သည်ဟု ဒုက္ခသည်အိမ်ရှင်မ တဦးက KNG ကချင်သတင်းဌာန သို့ ပြောသည်။

“ကျွန်မတို့ကို ဘောက်ချာထဲမှာ ပစ္စည်းအမျိုးအစားနဲ့ စျေးနှုန်းကို ပြထားပေးတယ်။ ပြီးတော့ အိမ်ထောင်စု လူဦးရေအလိုက် ဘောက်ချာထဲမှာ ရရှိနိုင်တဲ့ ငွေပမာဏ တစ်ခါတည်းပေးထားတယ်။ ဘောက်ချာထဲက ငွေကို ကြည့်ပြီး၊ တကယ်မသုံးမဖြစ် လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်တာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ စျေးရောင်းပွဲတွင်ဝယ်ယူနိုင်သောငွေပမာဏကို အိမ်ထောင်စုလူဦးရေအလိုက် လူတစ်ဦး အိမ်ထောင်တစုလျင် တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းဝယ်ရန် ၄၀၀၀ ကျပ် နှင့် အိမ်ခန်းသုံးပစ္စည်း အတွက် ၁၀၀၀၀ ကျပ်၊ ရ ဦးအောက် အိမ်ထောင်စုများအတွက်မူ ရ၅၀၀ ကျပ် နှင့် ၂၀၀၀၀ ကျပ်ဖြစ်ပြီး ၈ ဦးအထက် အိမ်ထောင်စုများအတွက် ၁၀၀၀၀ ကျပ်နှင့် ၃၀၀၀၀ ကျပ် အသီးသီး သတ်မှတ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ဖြင့် ဒုက္ခသည်မိသားစုများအတွက် ဆောင်းတွင်းမရှိမဖြစ်လိုအပ်သောပစ္စည်းများကို ကိုယ်တိုင် ရွေးချယ်နိုင်ရန် စီစဉ်ပေးနေခြင်းဖြစ်သော်လည်း မိသားစုဝင်များသော ဒုက္ခသည်အိမ်ထောင် အချို့အတွက်မူ လုံလောက်မှုမရှိသေးကြောင်း မိသားစုဝင် ၆ ယောက်ရှိသည့် အမျိုးသမီး ဒေါ်အဂျီးက ပြောသည်။

“မိသားစုများတဲ့ သူတွေအတွက်တော့ သတ်မှတ်ထားတဲ့ငွေကြေးပမာဏအပေါ်လုံလောက်မှုမရှိဘူး၊ စောင်ဆိုရင် စျေးများတယ်။ တစ်ထည်ကို တစ်သောင်းကျော်နေပြီ အဲဒါတစ်ခုတည်း ဝယ်နိုင်တယ်။ နောက်ထပ်လိုအပ်တာလည်းရှိသေးတယ်” ဟု ပြောသည်။

ယခုကျင်းပသော စျေးရောင်းပွဲမှာ အမှတ်(၃)စျေး ဒုက္ခသည်စခန်းတစ်ခုအတွက်သာဖြစ်ပြီး စက်တင် ဘာလအတွင်းမှာ ဆက်လက်၍ လိုင်ဇာအနီးပတ်ဝန်းကျင်ရှိ စခန်း(၄)ခုအတွက် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

ထိုသို့ဒုက္ခသည်များဝယ်ယူထားသော ပစ္စည်းများအတွက် ကျသင့်ငွေများကို သက်ဆိုင်ရာများက ညနေပိုင်း စျေးရောင်းပွဲကျင်းပပြီးချိန် အရောင်းဆိုင်များအား ငွေပေးချေသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စျေးရောင်းပွဲ ဖြစ်မြောက်ရေးအတွက် ကော်မတီအဖွဲ့များသည် လွန်ခဲ့သော (၆)ခန့်က ကတည်းက စီစဉ်ဆောင်ရွက် လျက်ရှိရာ ၄င်းငွေအလှူရှင်အတွက် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပံ့ပိုးပေးကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most read this week