တိုက်ပွဲကြောင့် တောသို့တိမ်းရှောင်နေသော ကချင် ဒေသခံများ အရေးပေါ်ကူညီမှုမရသေး

တိုက်ပွဲကြောင့် တောသို့တိမ်းရှောင်နေသော ကချင် ဒေသခံများ အရေးပေါ်ကူညီမှုမရသေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် အင်ခါဂါးကျေးရွာတွင် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့် အစိုးရတပ်များတိုက်ပွဲကြောင့် တောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သော ဒေသခံရွာသား ၁၀၀ ခန့်ကို ခေါ်ယူနိုင်ရန် အစိုးရခွင့်မပေးသောကြောင့် အကူအညီမရရှိပါက အသက်အန္တရာယ် စိုးရိမ်ဖွယ်ဖြစ်နေကြောင်း သိရသည်။

နှစ်ဖက်တပ်ကြားတင်းမာနေဆဲအခြေနေတွင် အဆိုပါ တောသို့တိမ်းရှောင်နေသော အင်ခါဂါးဒေသခံများကို အမြန်ဆုံးခေါ်ယူနိုင်ရန် ပူတာအိုမှအသင်းတော်တာဝန်ရှိသူများက ပူတာအို ရှိ အစိုးရဗျူဟာမှူးနှင့့် ညှိနှိုင်းနေ သော်လည်း ခွင့်မပေးသေးခြင်းကြောင့် အချိန်ကြန့်ကြာမည်ကိုစိုးရိမ်နေကြောင်း ဒုက္ခသည်ကူညီမှုပေး နေသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အထွေထွေတွင်းရေးမှူး ဒေါက်တာ ခလမ်ဆမ်ဆွမ်က KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကျွန်တော်တို့မခေါ်နိုင်သေးပါဘူး။ ခွင့်မပေးသေးလို့ အရမ်းခက်ခဲနေကြတယ်။ အစိုးရတာဝန်ရှိသူအားလုံးနဲ့ တွေ့ပြီးပြီ ခွင့်မပေးကြဘူး။ အရမ်းခက်ခဲနေကြမှာဖြစ်တယ်။ စိုးရိမ်စရာရှိတယ်။ ဘယ်သူမှမကူညီနိုင်သေးဘူး။ မသွားနိုင်သေးဘူး။ သူတို့ကိုကူညီနိုင်ဖို့ကြိုးစားနေဆဲဖြစ်မယ်။”

အဆိုပါဒေသခံများကို ကူညီရန်ခက်ခဲနေဆဲအခြေအနေတွင် အချို့ဒေသခံများသည် အစိုးရတပ်ဖွဲ့များ ရိုက်နှက်ဖမ်း ဆီးခံထားရကြောင်း ပူတာအိုဒေသခံများမှသိရသည်။

မချမ်းဘော့မြို့နယ် အင်ခါဂါးကျေးရွာအနီးဖြစ်ပွားခဲ့သောတိုက်ပွဲများသည် KIA တပ်မဟာ (၁) တပ်ရင်း (၇) နှင့် အစိုးရ ခလရ (၁၃၇)တို့ကြား သြဂုတ်လကုန်ပိုင်းမှဖြစ်ပွားနေခြင်းဖြစ်ရာ ယခုချိန်ထိ တပ်များလှုပ်ရှားကာ တင်းမာနေဆဲအခြေအနေကြောင့် ဒေသခံများလုံခြုံရေးလည်းစိုးရိမ်ဖွယ်မကင်းဖြစ်နေကြောင်း KBC ကူညီပေးအဖွဲ့များကပြောသည်။

ယခုချိန် ထိုသို့တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြသော အင်ခါဂါးကျေးရွာဒေသခံ ၁၀၀ ခန့်ကို အချိန်မှီကူညီ နိုင်ရေး အစိုးရတာဝန်ရှိသူများနှင့် ဆက်လက်ညှိနှိုင်းဆွေးနွေးကာ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KBC အတွင်းရေးမှူးကပြောသည်။

အင်ခါကျေးရွာတင် အိမ်ခြေ ၅၀ ကျော် ရှိပြီး ဒေသခံရွာသားများ ၂၀၀ ခန့် ရှိရာ တိုက်ပွဲဖြစ်ပွားခဲ့ချိန် ၁၀၀ ကျော်က အသီးသီးထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုများ လမ်းမလျှောက်နိုင်သော သူများသာ ရွာထဲတွင်ကျန်နေခဲ့ကြောင်း နောင်ခိုင်ကျေးရွာသို့ထွက်ပြေးလွတ်မြောက်လာသော သူများကပြောပြခဲ့သည်။

ယခုချိန် အစိုးရတပ်များသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ အခြေစိုက်တပ်စခန်းများရှိရာ ဒေသခံအသီးသီးတွင် အင်အားများတိုးချကာ လှုပ်ရှားမှုများလာကြောင်း KIA  ရှေ့တန်းတပ်ဖွဲ့ဝင်များပြောသည်။

Most read this week