KIO အလုပ်အဖွဲ့ ရုံး ဖွဲ့စည်းပုံကိစ္စ စတင်ဆွေးနွေး

KIO အလုပ်အဖွဲ့ ရုံး ဖွဲ့စည်းပုံကိစ္စ စတင်ဆွေးနွေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ နည်းပညာပိုင်းဆိုင်ရာ အလုပ်အဖွဲ့ Technical Team ရုံးဖွင့်နိုင်ရန်အတွက် ပညာရှင်များနှင့် ရုံး၏ဖွဲ့စည်းပုံ နည်းလမ်းများကို ဆွေးနွေးနေပြီဖြစ် ကြောင်း သိရသည်။

Technical Team ရုံးအဖြစ် အသုံးပြုမည့် မြစ်ကြီးနား KIO ဆက်ဆံရေးရုံး။

အဆိုပါရုံး၏ ဖွဲ့စည်းပုံနှင့်ပတ်သက်၍ နည်းပညာအကြံပေးအဖွဲ့ Technical Advisory Team အနေဖြင့် KIO အဖွဲ့ဝင် ၄ ဦးနှင့် ပြည်သူလူထုဘက်မှ ပညာရှင်များနှင့်အတူ စီတာပူ KIO ဆက်ဆံရေးရုံးတွင် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်ကြား ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း နည်းပညာအကြံပေးအဖွဲ့၏ ပြောခွင့်ရ ဆရာဒေါင်ခါးက ပြောသည်။

“ကျနော်တို့ Technical Team office structure နဲ့ပတ်သက်ပြီး ဘယ်လိုနည်းစနစ်နဲ့သွားမယ်၊ ရုံုးရဲ့တည်ဆောင်ပုံ၊ အလုပ်နည်းလမ်းတွေကို ဆွေးနွေးတယ်၊ ပြီးတော့ ပြည်သူလူထုဘက်က ပြည်သူတွေ လေးစားတဲ့ပညာရှင်တွေ ပါ၀င်နိုင်ဖို့ ဘယ်သူတွေကို ဖိတ်ခေါ်မယ်ဆိုပြီး အပေါ်ယံ ဆွေးနွေးထားတာ လောက်ပဲ” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းတို့ ဆွေးနွေးထားသည့်အချက်များကို KIO ဗဟိုဌာနချုပ်သို့တင်ပြကာ အတည်ပြုချက်ရယူပြီးမှသာ တရားဝင်ရုံးဖွင့်နိုင်မည်ဖြစ်ကြောင်း ဆရာဒေါင်ခါး က ဆက်ဆိုသည်။

“အပေါ်ယံက ဒီလ ၂၀ ရက်နေ့လောက်တော့ ဖွင့်ဖြစ်အောင်ဆိုပြီး ကြိုးစားနေတယ်။ ဒါပေမဲ့ အတိအကျတော့ မပြောနိုင်သေးဘူး။ အခုကျနော်တို့က Technical Team နဲ့ပတ်သက်ပြီး ဒီမှာဆွေးနွေးပြင်ဆင်ထားတာတွေကို KIO ဗဟိုကောင်စီရုံးကို တင်ပြရဦးမယ်။ အထက်က အတည်ပြုပြီးတဲ့နောက်မှပဲ ကျနော်တို့ ဒီဟာကို အကောင် အထည်ဖော်သွားမှာဖြစ်တယ်။ ကျနော်တို့ ဒီဟာတွေကို အမြန်နည်းနဲ့ကြိုတင်ပြင်ဆင်ယူနိုင်ဖို့ ရောက်လာတာ ဖြစ်တယ်”

KIO မှ နည်းပညာအကြံပေးအဖွဲ့ဝင် ၄ ဦးဖြစ်သော အဖွဲ့ခေါင်းဆောင် KIO လက်ထောက်နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂေါ့လူလအောင်၊ ဗိုလ်မှူးကြီး ဖုန်ဂန်ခွန်နောင်၊ ဗိုလ်မှူးကြီးဆင်ဝါး၊ ဆရာဒေါင်ခါးနှင့် ရုံးဝန်ထမ်း ၈ ဦးတို့သည် ဇူလိုင်လ ၂ ရက်နေ့ မြစ်ကြီးနားသို့ရောက်ရှိလာကာ ထိုသို့ရုံးဖွင့်လာရန် စတင်အကောင်အထည်ဖော် ဆွေးနွေးနေခြင်းဖြစ်သည်။

ပြည်သူလူထုနှင့် KIO ကိုယ်စားလှယ်များပါ၀င်သည့် Technical Team နည်းပညာဆိုင်ရာ အလုပ်အဖွဲ့ကို အမြန််ဆုံးအကောင်အထည်ဖော် ဖွဲ့စည်းသွားနိုင်ရန် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)နှင့် အရပ်သား ပညာရှင်အဖြစ် မေတ္တာဖောင်ဒေးရှင်းမှ ဆရာမကြီး ဆိုင်းရော်နှင့် ငြိမ်းဖောင်ဒေးရှင်း (Shalom)မှ ဆရာမလထော်ဂျာနန်နှင့် ဆရာမ နန်ရော်တို့ကိုဖိတ်ခေါ်၍ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း PCG မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) ကပြောသည်။

“ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ ခေါ်တာပေါ့၊ ဆွေးနွေးတဲ့အထဲမှာ ပညာရှင်တွေကို ဒီမှာဝင်ကူညီဖို့ propose လုပ်ထားတဲ့လူတွေတော့ရှိတယ်။ ဒါပေမဲ့ အခုပြောလို့ မရသေးဘူး။ အခုဆွေးနွေးထားတာကို KIO ဗဟိုကိုပို့ရဦးမယ်။ သူတို့ကြည့်ပြီးမှ ပြန်ဖြည့်ရမယ် လျှော့ရမယ်ဆိုတာကို သူတို့ညွန်ကြားလာရင် အဲဒီလိုပြန်ဖြစ်သွားမှာပေါ့” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းအလုပ်အဖွဲ့ Technical Team ရုံးကိုဖွင့်လှစ်နိုင်ရန်အတွက် KIO နှင့် ပြည်သူလူထုအပြန်အလှန်ဆွေးနွေးညှိ နှိုင်းပြီး ဖွဲ့စည်းသွားရန်ဖြစ်သည်။

သို့သော် ယခု လက်ရှိဆွေးနွေးခဲ့သည့် ရလဒ်များကို KIO ဗဟိုကောင်စီ၏ သဘောတူညီချက်ရှိမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most read this week