ရှမ်းမြောက် KIA တပ်ခွဲ (၅) နှင့် အစိုးရတပ်များ တပ်စခန်းနေရာလု တိုက်ပွဲဖြစ်ပွားနေဆဲ

ရှမ်းမြောက် KIA တပ်ခွဲ (၅) နှင့် အစိုးရတပ်များ တပ်စခန်းနေရာလု တိုက်ပွဲဖြစ်ပွားနေဆဲ
by -
ကချင်သတင်းဌာန

ယနေ့နံနက် ၉းဝဝ နာရီမှ ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) မြို့ မုန်းကိုးဒေသတွင် KIA ပြည်သူ့စစ် MHH တပ်ခွဲ (၅) မှ အခြေစိုက်ရန် ပြင်ဆင်ထားသော စခန်းနေရာတခုကို အစိုးရတပ်ဖက်မှလည်း နေရာယူရန်လှုပ်ရှားလာခဲ့ သောကြောင့် တိုက်ပွဲများဖြစ်ပွားနေသည်။

ပန်ဆိုင်း (ကြူကုတ်) ဒေသတွင် စစ်ရေးလှုပ်ရှားနေတဲ့ အစိုးရစစ်သား ၂ ဦး။ (အရပ်ဝတ် အပါအဝင်)။

တိုက်ပွဲဖြစ်ပွားသောနေရာသည် မုန်းကိုးဒေသ KIA တပ်ရင်း (၃၆)နယ်မြေ ခလွမ်နှင့် ခိုင်ကောင်းရွာကြားရှိ ဆိုင်းထူခက် (သို့) ဂျန်ခန်ကောင်တွင် အစိုးရ စစ်ကြောင်း ခြေမြန်တပ် ခမရ (၅၀၇) သည် ယမန်နေ့ည ၉ နာရီမှ စတင်ထိုးစစ်ဆင်လာခြင်းကြောင့် KIA တပ်ခွဲ(၅) နှင့် ၁၀ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့နံနက်တွင် နာရီဝက်ကြာထပ်မံ ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဟု တပ်ခွဲမှူးဇော်ဆိုင်း ကပြောသည်။

ယနေ့နံနက်မှ ဖြစ်ပွားနေသော နှစ်ဖက်ရင်ဆိုင်တိုက်ပွဲများသည် ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း သိရသည်။

တပ်ခွဲ (၅) အခြေချရန်ပြင်ဆင်ထားသော နေရာကို အစိုးရတပ်ဖက်မှ ယမန်နေ့ညမှ အစိုးရတပ်များ စစ်အင်အားတိုးချဲ့ကာဝင်ရောက်လာသောကြောင့် စိုးရိမ်ကြောက်လန့်ကာ တိမ်းရှောင်သွားကြပြီး ယခုသတင်းရေးသားချိန်ထိ ပစ်ခတ်သံများကြားနေရဆဲဖြစ်သည်ဟု ဖိုင်ကောင်းဒေသခံတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

“ကျွန်တော်တို့ရွာမှာ မနေ့ညကနေပစ်နေကြတာ ခုချိန်ထိပစ်နေတုံးပဲ တိုက်ပွဲဆက်ဖြစ်နေတော့ ဘယ်ဖက်မှဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ မသိသေးဘူး ရွာသားတွေကတော့ မနေ့ညအစိုးရတပ်တွေ အင် အား တိုးချဲ့တိုက်ခိုက်လာကတည်းက တရုတ်ဖက်ခြမ်းကိုထွက်ပြေးနေကြတယ်” ဟု ပြောသည်။

အစိုးရနှင့် KIA တိုက်ပွဲများသည် ယခုအပတ်အစောပိုင်းအတွင်း ခေတ္တငြိမ်သက်နေသယောင်ရှိသော်လည်း နှစ်ဖက်တပ်၏ လှုပ်ရှားမှုများက တင်းမာနေဆဲဖြစ်ကြောင်း တပ်မဟာ(၄) မှသိရသည်။

အဆိုပါ တပ်မဟာ(၄) နယ်မြေ မုန်းကိုးဒေသတွင် ဇွန်လဆန်းပိုင်းမှပြင်းထန်စွာဖြစ်ပွားလာသောတိုက်ပွဲများ ကြောင့် ရွာ(၄)ရွာဖြစ်သော လွယ်လောမ်၊ ကလီး၊ လွယ်ဟဲမ်၊ နမ်ဂွတ်ရွာများမှ ဒေသခံ ၁၀၀ ကျော်သည် နီးစပ်ရာ ဆွေမျိုးများနေအိမ်၊ တောင်ယာများ၊ ခရစ်ယာန်အသင်းတော်များတွင် အသီးသီးထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးပြန်လည်တင်းမာလာခြင်းသည် တပ်မဟာ (၄) အတွင်း ပြည်သူလူထုနှင် တွေ့ဆုံဆွေးနွေးမှု အစည်းဝေးတခုပြုလုပ်ပြီးနောက် အစိုးရဖက်မှ ရုတ်တရက် အင်အားတိုးချကာ စတင်ထိုးစစ်ဆင်လာရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည် တပ်ခွဲမှူးကပြေသည်။

တဖက်တွင်လည်း ထိုတိုက်ပွဲများသည် ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် အစိုးရနှင့် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် တပ်အင်အားလျှော့ချရန် နှစ်ဖက်သဘောတူညီလက်မှတ်ထိုးခဲ့ပြီးနောက် ဖြစ်ပွားလာသောတိုက်ပွဲလည်းဖြစ်ကြောင်း သိရသည်။

Most read this week