KIO စစ်ဗိုလ်ဟုဆိုကာ ချုပ်နှောင်ခံထားရသူ ဦးဘရန်ရှောင် မလွှတ်နိုင်သေး

KIO စစ်ဗိုလ်ဟုဆိုကာ ချုပ်နှောင်ခံထားရသူ ဦးဘရန်ရှောင် မလွှတ်နိုင်သေး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်း ဆီးထားသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng)ကို လွှတ်ပေးမည့် ကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်တရားခွင်မှ အဆင်သင့်မဖြစ်သေးကြောင်း မိသားစုဝင်များကပြောသည်။

ဦးဘရန်ရှောင် (Slg. Brang Shawng) ၏ မိသားစုဘက်မှ ဇွန်လ ၁၃ ရက်နေ့တွင် အပြီးသတ်လျှောက်လွဲ ချက်တင်ခဲ့သော်လည်း မြို့နယ်တရားခွင်မှ ထပ်မံရက်ရွှေ့ထားကြောင်း ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်း တာဝန်ခံ ဆရာအောင်မြတ် (Sara Awng Myat) ပြောသည်။

“ကျနော်တို့ ၁၃ ရက်နေ့မှာ အပြီးသတ်လျှောက်လွဲချက်သွားတင်တယ်။ အဲဒီအချိန်မှာ သူတို့ဘက်က အဆင်သင့်မဖြစ်သေးဘူးဆိုပြီး ပြောလိုက်တယ်။ အဲဒါကြောင့်ပြန်ရပ်ထားတယ်။ အခုတလော ဦးအောင်မင်း ကနေပြီး ဦးဘရန်ရှောင်ကိစ္စကို တရားရုံးကနေ အပြီးသတ်အမိန့်ချပြီးရင် တစ်ပတ်အတွင်း လွှတ်ပေးမယ်လို့ ပြောတာဟုတ်တယ်” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။

ထိုအပြီးသတ်လျှောက်လွှဲချက်အား တရားရုံးမှ လာမည့်ပတ် ဇွန်လ ၂၇ ရက်နေ့ပြန်လည်ချိန်းဆိုလိုက်ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးပြောသည်။

“၂၇ ရက်နေ့အပြီးသတ်လျှောက်လွဲချက်ပေးမယ်၊ အဲဒီနောက် တစ်ပတ်အတွင်းတော့ အမိန့်ချမှာဟုတ်တယ်။ ထောင်ချမလား လွှတ်မလားပေါ့၊ ဦးအောင်မင်းပြောတာက တရားရုံးကပြီးရင် ထောင်ကျရင်လည်း တစ်ပတ် အတွင်း စခန်းအရောက်ပို့ပေးမယ်လို့ပြောတာပဲ”

ဦးဘရန်ရှောင်အား မှန်ကန်စွာ တရားစီရင် ဆုံးဖြတ်ပေးမည်ဆိုပါက လွှတ်လာနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အမြန်ဆုံးလွှတ်မည် မလွှတ်မည်ကို မသိနိုင်သေးကြောင်း မိသားစုဝင်များကပြောသည်။

မတရားအသင်း ၁၇ (၁) အမှုဖြင့်သာ ဖမ်းဆီးခံခဲ့ရသော တာလောကြီးကျေးရွာမှ စစ်ပြေးဒုက္ခသည် ၂ ဦးကိုလည်း မတရား ညှဉ်းပန်း နှိပ်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများပြုလုပ်သောကြောင့် ၎င်းအမှုတို့့ကို ဖော်ထုတ်အရေးယူပေးရန် မိသားစုဝင်များကလည်း ယမန်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် ထံ လိပ်မူ၍ တိုင်ကြားလိုက်သည့်ကိစ္စကိုမူ လွှတ်ပေးရန် အခြေအနေမရှိကြောင်း ဦးမာခါးကပြောသည်။

“သူတို့ကိုလွှတ်ဖို့ မဖြစ်နိုင်သေးဘူး၊ အခုလောလောဆယ်က ၁၇ (၁) ပုဒ်မ တောင်မကဘူး။ ဖောက်ခွဲမှု ပုဒ်မတွေလည်း အများကြီးစွဲဆိုထားသေးတယ်။ ရွှေစက်တွေ၊ မြစ်ကြီးနားတွေမှာ ဗုံးဖောက်တာလည်း ဒီနှစ်ဦးဖြစ်တယ်ဆိုပြီး အမှုလုပ်ထားတယ်”

ထိုတိုင်ကြားစာနှင့်ပတ်သက်ပြီး အစိုးရမှ အကြောင်းမပြန်သော်လည်း လွှတ်တော်မှဖွင့်လှစ်ထားသော တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ  လက်ခံရရှိကြောင်းနှင့် စုံစမ်းနေကြောင်း အကြောင်းပြန်လာခဲ့သည်။

သို့သော် မတရားဆက်သွယ် ၁၇ (၁) အမှုဖြင့် ဖမ်းဆီးအရေးယူခံထားရသူများ လွှတ်မြောက်ရန်အတွက် အရေးတဝင်ဆောင်ရွက်မှုများ ယခုချိန်ထိ မရှိသေးကြောင်း ရှေ့နေ ဦးမာခါးပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားသော ၂၀၁၁ ဇွန်လနောက်ပိုင်းမှစ၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မတရားအသင်း ၁၇ (၁) ပုဒ်မဖြင့် စွပ်စွဲဖမ်းဆီးထားသူ ၁၀၀ ကျော်ရှိကြောင်း ဦးမာခါးပြောသည်။

မကြာသေးခင် ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနား သည် ကချင်ပြည်နယ် မြစ်ကြီးနားသို့ရောက်လာစဉ် အဆိုပါ ဂျန်မိုင်ကောင်နှစ်ခြင်းအသင်းတော် စစ်ဘေးဒုက္ခသည်စခန်း သို့ရောက်ရှိလာပြီး ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားရသူ ဦးလထော်ဘရန်ရှောင်၏ ဇနီးနှင့် တွေ့ဆုံကာ တတ်နိုင်သည့်ဘက်မှ ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိ့ုနောက် အစိုးရဖက်မှလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက ဦးလထော်ဘရန်ရှောင်အား လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ ပြောဆိုလာခြင်းဖြစ်သည်။

Most read this week