အစိုးရတပ် တိုက်ခိုက်မှုကြောင့် တပ်ပေါင်းစုစခန်းတခု နောက်ဆုတ်ပေးရ

အစိုးရတပ် တိုက်ခိုက်မှုကြောင့် တပ်ပေါင်းစုစခန်းတခု နောက်ဆုတ်ပေးရ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ဂွတ်ခိုင်မြို့နယ် နမ်ဖတ်ကာ ကျေးရွာ (Nam Hpat Ka)ရှိ KIA နှင့် တအောင်း (ပလောင်) တပ်ဖွဲ့ (TNLA) တပ်ပေါင်းစု ရှိရာတပ်စခန်းအား အစိုးရတပ်မှ အင်အားတိုးချဲ့ တိုက်ခိုက်လာခြင်းကြောင့် ဇွန်လ ၁၈ ရက်နေ့က နောက်ဆုတ်ထားလိုက်သည်။

အစိုးရတပ်ဘက်မှ ခလရ ၁၄၅၊ ၁၂၃ စုပေါင်းတပ်များသည် KIA တပ်ရင်း ၈ နယ်မြေတွင်းရှိ ငေ့ါငါး (Ngaw Nga) တပ်ပေါင်းစု စခန်းတွင် TNLA တအောင်း (ပလောင်) တပ််ဖွဲ့များရှိနေချိန် အစိုးစစ်အင်အား ၁၀၀ ကျော်ဖြင့်  ၂ ကြိမ် တိုက်ခိုက်လာခြင်းကြောင့် ည ၁၀ နာရီချိန်တွင် နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း တပ်မဟာ (၄) KIA အရာရှိ ဆလန်ကဘာ တဦးပြောသည်။

ထိုစခန်းကို ယမန့်နေ နံနက် ၁၀ နာရီတွင် ၁ ကြိမ် ညနေ ၅ နာရီချိန်တွင် ၁ ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံနက်ထိ မုန်းရိုး ဂွတ်ခိုင်ဘက်တွင် စစ်အင်အား ၁၀၀ ကျော်ဖြင့် ထပ်မံ၍ ထိုးစစ်နေဆဲဖြစ်ကြောင်းသိရသည်။ တိုက်ပွဲတွင် အစိုးရတပ်မှ ၆ ဦး ဒဏ်ရာရရှိသည်ဟုဆိုသော်လည်း နှစ်ဖက်တပ်၏ သေဆုံးမှုစာရင်းကို အတည်မပြု၍မရခဲ့ပါ။

ယခုချိန်ထိ အစိုးရတပ်များသည် ငေါ့ငါး (Ngaw Nga) ရွာတွင် စစ်အင်အား ၂၀၀ ကျော်ဖြင့် ဆက်လက်လှုပ်ရှား နေဆဲ ဖြစ်ကြောင်း KIA တပ်ဘက်မှ သိရသည်။

ယမန့်နေ့က တပ်မဟာ (၄) မုန်းဂိုးဒေသ KIA တပ်ရင်း (၃၆) နယ်မြေတွင်လည်း အစိုးရတပ်အင်အား ၅၀ ကျော်ရှိသော ခြေလျင်တပ် ခလရ ၁၂၈ နှင့် KIA ပြည်သူ့စစ် (MHH) တပ်ခွဲ (၂) တို့ ထိပ်တိုက် ပစ်ခတ်တိုက် ခိုက်ခဲ့ကြသည်။

တိုက်ပွဲသည် KIA တပ်ရင်း (၃၆) နယ်မြေ လွယ်ဆာ (Loi Sa)နှင့် ယိန်းဆိုင် (Ying Seng) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်ဘက်မှ ဝင်းဆိုင် (Win Seng) ကျေးရွာသို့ လက်နက်ကြီးကျည် ၆၀ မမ အမြောက်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ နေအိမ် ၃ အိမ် ပျက်ဆီးခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သော နေအိမ်များသည် ဦး အင်ခွမ် ခွန်ဖုန်၊ ဦးမရစ်ဘရန်၊ ဂျိန်ဖော့လ တို့၏နေအိမ်များဖြစ်ပြီး မီးလောင်ပျက်ဆီးသွားခဲကြောင်း ဒေသခံများမှသိရသည်။

အစိုးရတပ်များ ဆက်တိုက်စစ်အင်အားတိုးချဲ့ တိုက်ခိုက်လာခြင်းကြောင့် ဒေသခံများကြောက်ရွံ့ ထိတ်လန့်ကာ မိမိ လုံခြံုရာနေရာသို့ အသီးသီး ထွက်ပြေးတိမ်းရှောင်နေရချိန် ယခုလို ကျရောက်ပေါက်ကွဲ ခြင်းလည်း ဖြစ်သည်။

KIA တပ်မဟာ (၄) နယ်မြေများတွင် အစိုးရတပ်ဘက်မှ စစ်ရေးဖြည့်တင်းလာသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင့် KIA တပ်ဘက်မှ ပြောဆိုသည်။

Most read this week