မန္တလေး-မြစ်ကြီးနား ရထားလမ်းတလျှောက် အစိုးရစစ်တပ် လုံခြုံရေး တင်းကြပ်ထားဆဲ

မန္တလေး-မြစ်ကြီးနား ရထားလမ်းတလျှောက် အစိုးရစစ်တပ် လုံခြုံရေး တင်းကြပ်ထားဆဲ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်သို့ ပြေးဆွဲနေသော မန္တလေး-မြစ်ကြီးနား ရထားလမ်းတလျှောက် အစိုးရတပ်များလုံခြုံရေး တင်းကြပ်စွာချထားဆဲဖြစ်သည်။

မန္တလေး-မြစ်ကြီးနားရထားလမ်းရှိ မြန်မာအစိုးရ တပ်စခန်းတခုမြင်ကွင်း။

အစိုးရတပ်နှင့် KIA ကြားတိုက်ပွဲများဖြစ်ပွားချိန်ကစ၍ နေရာယူထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်တင်းမာမှု နေရာ ဒေသအလိုက် လုံခြုံရေးအဖွဲ့များကို ရထားလမ်းဘေးတွင် နေရာစိပ်ချထားခြင်းဖြစ်သည် ဟု ခရီးသွား ဒေသခံများမှပြောသည်။

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများငြိမ်သက်နေချိန်ဖြစ်သော်လည်း လုံခြုံရေးတပ်များကို လျှော့ချခြင်းမရှိပဲ အစိုးရတပ်များနှင့် တင်းကြပ်ထားဆဲဖြစ်သည်ဟု ရထားလမ်းဘေးမှ မိုးကောင်းဒေသခံတစ်ဦးပြောသည်။

“အခုတော့ ငြိမ်းချမ်းသွားပြီ။ တိုက်ပွဲသံတွေလည်း မကြားရတော့ဘူး။ အစိုးရစစ်တပ်တွေကတော့တိုက်ပွဲစ ဖြစ်ကတည်းကပဲ အဲဒီလိုနေရာယူထားတာ” ဟုပြောသည်။

၄င်းတပ်များချထားသောနေရာတွင် တဲများထိုးထားပြီး တပ်ဖွဲ့ဝင် ၅ ဦး ခန့်လှုပ်ရှားနေသည်ကိုတွေ့ရသည်ဟု ခရီးသွားဒေသခံများပြောသည်။

“အဲဒီမှာရှိတဲ့ စစ်သားတွေလေ စားစရာမရှိလို့လားမသိဘူး။ နွားပေါက်လေးတစ်ကောင်ကို ၀ုိင်းသတ်စားနေ ကြတာတွေ့တယ်။ အဲဒီ သူတို့နေတဲ့နေရာတွေကလည်း လယ်ကွက်တွေနားမှာလေ။ အဲဒီမှာနွားပေါက်ကလေး တွေလည်း အများကြီးပဲ ဒီလိုပဲလွှတ်ထားကြတာ” ဟု မျက်မြင်ဒေသခံတစ်ဦးပြောသည်။

ထိုဒေသခံများသည် ၄င်းစစ်တပ်များလုံခြုံရေးချထားခြင်းကြောင့် အစိုးရနှင့် ကချင်လွှတ်မြောက်ရေးအဖွဲ့ KIO တိုက်ပွဲသံများမကြားရသော်လည်း သွားလာရန် စိုးရိမ်နေဆဲဖြစ်သည်ဟု ပြောသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် KIO တို့ မေလ ၂၈-၃၀ ထိ မြစ်ကြီးနားတွင် တွေ့ဆုံဆွေးနွေးခဲ့ချိန် တိုက်ခိုက်မှုတွေလျော့ချပြီး ထပ်မံ မဖြစ်ပွားအောင်ထိန်းသိမ်းခြင်း၊ နှစ်ဖက် ကိုယ်စားလှယ်များ ပါ၀င်တဲ့ စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့်သဘောတူကာ ဒုက္ခသည်များအတွက် ပြန်လည် ထူထောင်ရေး ကိစ္စရပ် တပ်ပိုင်းဆိုင်ရာ တပ်နေရာ ချထားမှုများနဲ့ ပတ်သက်ပြီး ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။

သို့သော် ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ (၄) အခြေစိုက်ရာ ဒေသဖက်တွင် အစိုးရတပ်နှင့် KIA တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ထို့ကြောင့် အဆိုပါသဘောတူညီချက်တွေများသည် လက်တွေ့အကောင်အထည်ဖော် လိုက်နာခြင်း အားဖြင့်သာ  ပဋိပက္ခများကိုဖြေရှင်းနိုင်မည် ဟု မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှပြောသည်။

Most read this week