မြန်မာအစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲမှ တိုက်ပွဲလျော့ချရန် သဘောတူ

မြန်မာအစိုးရနှင့် KIO မြစ်ကြီးနားဆွေးနွေးပွဲမှ တိုက်ပွဲလျော့ချရန် သဘောတူ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် မြန်မာအစိုးရငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့တို့ကြား ၃ ရက်ကြာဆွေးနွေးမှုအပြီး နှစ်ဖက်ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချပြီး တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းသွားရန်ပါသော အချက် ရ ချက် သဘောတူညီလက်မှတ် ရေးထိုးခဲ့သည်။

၎င်းသဘောတူညီချက်တွင် အစိုးရနှင့် KIO တို့ကြား နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်သွားရန်၊ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း တိုက်ပွဲထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန်၊ နယ်မြေလုံခြံုရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ညှိနိုင်းဆောင်ရွက်သွား ရန်တို့ ပါ၀င်သည်။

ထို့ပြင် လိုအပ်သော လုပ်ငန်းစဉ်များညှိနှိုင်းဆောင်ရွက်နိုင်ရန် KIO ကိုယ်စားလှယ်များနှင့် အလုပ်အဖွဲ့ (Technical Team) ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန်နှင့် နောက်တစ်ကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ် တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန်နှင့် အခြားဖိတ်ကြား လိုသောအဖွဲ့များရှိပါက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားရန်တို့ကို သဘောတူခဲ့ခြင်းဖြစ်သည်။

၎င်းတွင် နှစ်ဖက်ကိုယ်စားလှယ်များ ပါ၀င်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (Joint Monitoring Committee) ဖွဲ့စည်းရန်အတွက်ကိုတော့ မူအားဖြင့်သာ သဘောတူထားခြင်းဖြစ်သည်။

အစိုးရနှင့် KIO ကြား ယခင်ဆွေးနွေးပွဲများတွင်မှာတော့ “သဘောထားထုတ်ပြန်ချက်” သာ ဖြစ်ပြီး ယခုဆွေး နွေးပွဲတွင် “သဘောတူညီချက်” ဟူ၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုသို့ ထုတ်ပြန်လိုက်ရခြင်းအားဖြင့် အစိုးရဘက်မှ အနည်းငယ်လိုက်လျောမှုများရှိပြီး သဘောတူထားသည့် အတိုင်း လက်တွေ့တွင် ဆက်လက်လုပ်ဆောင်သွားပါက အောင်မြင်သည့်ဘက်ကို ရောက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။

“ရွှေလီဆွေးနွေးပွဲမှာ စစ်ရှိန်လျော့သွားဖို့ ထုတ်ပြန်ခဲ့တဲ့နောက်မှာ ကချင်ပြည်နယ်ဘက်မှာတော့ လျော့သွား တယ်လို့မြင်တယ်။ အခုလဲ ဆက်ပြီး တိုက်ပွဲမဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းနေမယ် ဆိုတာတွေကိုကြည့် ရင်တော့ တပ်ပိုင်းနဲ့ပတ်သက်ပြီး သူတို့သဘောတူထားတဲ့အတိုင်း လက်တွေ့လုပ်ဆောင်သွား ရင်တော့ အောင် မြင်မယ်လို့မျော်လင့်တယ်။ တကယ်လို့များ စာရွက်မှာပဲ သဘောတူရေးထားရင်လဲ လက်တွေ့မှာ လိုက်မလုပ် ဘူးဆိုရင်တော့ အဲဒါက အားလုံးသိတဲ့အတိုင်းပဲလေနော်။”

ယခုဆွေးနွေးပွဲတွင် “အစိုးရဘက်က အပစ်ခတ်ရပ်ဆဲရေး လက်မှတ်ထိုးမယ်ဆိုတာကို KIO အနေနဲ့တော့ ၁၇ နှစ်ရဲ့ အတွေ့အကြံုကြောင့် အပစ်ခတ်လက်မှတ်မထိုးဖို့ဆိုတာက မဖြစ်နိုင်ဘူးဆိုပြီးပြောတဲ့အပေါ်မှာတော့ KIO တွေရဲ့လိုအပ်ချက်ကို အစိုးရကနေပြီး လက်ခံတဲ့သဘောလို့မြင်တယ်” ဟု ဦးခပရာ ခွန်းအောင် ကပြောသည်။

မေလ ၂၉ ရက်နေ့တွင် KIA ဘက်မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် အစိုးရဘက်မှ ကာကွယ်ရေး ဝန်ကြီးဌာန ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့သည် သီးသန့် တံခါးပိတ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

KIO နှင့် အစိုးရတို့သည် မေလ ၂၈ မှစပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမဂျွယ်ခန်းမဆောင် (Majoi Gawknu) တွင် ၃ ရက်ကြာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးသွားရာ တွင် စောင့်ကြည့် လေ့လာသူအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်ဘီးယား၊ တရုတ်ပြည်သူ့သမ္မတနီုင်ငံသံရုံး ဒုတိယ သံရုံးတာဝန်ခံ Mr. Lu Zhi၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော မြို့မိမြို့ဖ ၁၀ ဦးတက်ရောက်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIO ဘက်မှ ဦးဆွမ်လွတ်ဂမ်ဦးဆောင်သော အဖွဲ့ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်၊ ဒု-ဗိုလ်မှူးကြီး လဖိုင်လ၊ ဒု-ဗိုလ်မှူးကြီး ခွန်နော်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဒုဗိုလ်မှူးကြီး နော်ဘူ၊ ဗိုလ်မှူးကြီး စိန်ဂေါင်၊ ဦးနော်ထွယ်တို့ဖြစ်သည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးလုပ် ငန်းကော်မတီဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သော မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်၊ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ်ဇော်ဝင်း၊ ဗိုလ်မှူးကြီး ကျော်စိုးဝင်း၊ ဗိုလ်မှူးကြီး သန်းအောင်၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူတို့ တက်ရောက်ခဲ့သည်။

ယခုဆွေးနွေးမှုသည့် KIO နှင့် အစိုရအကြား အမိမြန်မာနိုင်ငံတွင် ပထမဆုံးကြိမ်းပြုလုပ်ခြင်းဖြစ်ပြီး နောက်ထပ်ဆွေးနွေးရန်ရှိသော်လည်း မည်သည့်အချိန်၊ နေရာတွင် ဆွေးနွေးမည်ကို မသိရသေးပါ။

Most read this week