မြစ်ဆုံမှ ပြောင်းရွှေ့လာသည့် စံပြကျေးရွာတွင် လေပြင်းတိုက်ခတ်၍ နေအိမ်ပျက်စီး

မြစ်ဆုံမှ ပြောင်းရွှေ့လာသည့် စံပြကျေးရွာတွင် လေပြင်းတိုက်ခတ်၍ နေအိမ်ပျက်စီး
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထက်ဖက်ရှိ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ရွှေ့ပြောင်းခံခဲ့ရပြီး ပြန်လည် နေရာချထားသည့် အောင်မြင်သာ စံပြကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ ပျက်စီးသွားကြောင်းသိရသည်။

ယခုလ (၁၈) ရက်နေ့ နံနက် ၂ နာရီအချိန်က မိုးပြင်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းနှင့်အတူ မိုးသီးများကျ လာစဉ် အဆိုပါစံပြကျေးရွာနေ ဦးကင်ဂျီယော်ဆောနှင့် ဦးအင်ဂျုံဆင်ဝါး တို့၏ နေအိမ်အိမ်ခေါင်မိုးများလွင့် စင်ကာ ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယခုဆန်းပိုင်းမှ စတင်၍ လေပြင်းများ တိုက်ခတ်လာရာ နေအိမ်များယိုင်နဲ့နေသောကြောင့် ထိခိုက်ပျက်စီးမည် ကို စိုးရိမ်နေကြကြောင်း လူထု အခြေပြုဖွ့ံဖြိုးရေးအဖွဲ့ (Mungchying Rawt Jat)မှ အဖွဲ့ဝင်ဖြစ်သူ တန်ဖရဲ (Tang Hpre) ဒေသခံ ဒေါ်ခေါန်ဂျာက KNG ကချင်သတင်းဌာန သို့ပြောသည်။

“အိမ်ခေါင်မိုးသွပ်က တအိမ်ခြား အိမ်မှာ လွင့်သွားတာ။ နှစ်တိုင်း မတ်နဲ့ ဧပြီလမှာ လေတွေကအရမ်းတိုက် တော့ အရန်းစိုးရိမ်ရတယ်။ ကြောက်ရတယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ ဆိုရင်လဲ ရေတွေက ပြန်ကြီးလာတော့ အရမ်းပဲ ဒုက္ခရောက်တယ်။ နောက်နှစ်ဆိုလို့ရှိရင် အိမ်လိုက် လိုက်လဲသွားနိုင်တယ်။ သူတို့လုပ်ထားတဲ့အိမ်က စိုက်ထားတာပဲလေ ဘာမှမခိုင်ဘူး” ဒေါ်ခေါန်ဂျာက ပြောသည်။

တရုတ်အစိုးရပိုင် China Power Investment Corporation (CPI)  နှင့် Asia world Company တို့မှ ပြန်လည်ရာချထားရေးအတွက် တည်ဆောက်ပေးသော စံပြကျေးရွာရှိ နေအိမ်များသည် ခိုင်ခန့်ခြင်း မရှိသောကြောင့် နှစ်စဉ် မိုးရာသီနှင့် လေပြင်းတိုက်ခတ်ချိန်များတွင် နေအိမ်များယိုင်နဲ့ကာရေလွှမ်းမိုးခြင်း ဒဏ်ကို ရင်ဆိုင်နေရကြောင်း သိရသည်။

ယမန်နှစ်ကလည်း အလားတူ လေပြင်းတိုက်ခတ်၍ မိုးများပြင်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံများ၏ နေအိမ်များပျက်စီးခဲ့ရာ CPI ကုမ္ပဏီမှ ပြန်လည်ပြုပြင်ပေးခဲ့သော်လည်း ပျက်စီးမှုများဖြစ်ပေါ်နေဆဲဖြစ်သည် ဟု ဒေသခံများပြောသည်။

မြစ်ဆုံ ရေကာတာစီမံကိန်းကို နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရပ်ဆိုင်းထားသည်မှာ ၁ နှစ်ရှိပြီ ဖြစ်သော်လည်း အောင်မြင်သာ စံပြကျေးရွာ ဒေသခံများသည် ၄င်းတို့၏ မူရင်းဒေသသို့ ပြန်လည်နေထိုင်ခွင့် မရဘဲ ခက်ခဲစွာ နေထိုင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

Most read this week