ရှမ်းပြည်မြောက်ပိုင်း ရိခူးကျေးရွာတွင် KIA နှင့် အစိုးရတပ်တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း ရိခူးကျေးရွာတွင် KIA နှင့် အစိုးရတပ်တိုက်ပွဲဖြစ်ပွား
by -
ကချင်သတင်းဌာန

မြန်မာအစိုးရနှင့် ကချင်ပြည် လွတ်လပ်ရေးတပ်မတော် (KIA) အကြား  စစ်ရေးတင်းမာမှုများ လျှော့သွားရန် ဆောင်ရွက်နေချိန် ယနေ့ နံနက်က ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (Pangsai) မြို့ပတ်ဝန်းကျင် ရိခူး (Yi Hku) ကျေးရွာအနီးတွင် အစိုးရတပ်နှင့် KIA ပြည်သူ့စစ်တပ်ရင်း (MHH) တပ်ခွဲ (၅) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

အစိုးရတပ်အင်အား ၂၀၀ ခန့်သည် KIA (MHH) Mungshawa Hpyen Hpung တပ်ဖွဲ့များရှိရာသို့  နံနက် ၁၀ နာရီ အချိန်ခန့်က ရုတ်တရက်ဝင် ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲခြင်းကြောင့် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA တပ်ခွဲ (၅)မှ စစ်ဗိုလ်တဦးက KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုအစိုးရ၏ ခြေလျင်တပ်ရင်း ခလရ ၆၉၊ ခြေမြန်တပ်ရင်း ခမရ ၂၄၂ တို့ ဖြစ်ပြီး နာရီဝက်ခန့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းနှင့် အစိုးရဘက်မှ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး တရုတ်ပြည်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း KIA ဘက်က ဆိုသည်။

နှစ်ဖက် ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ KNG မှ သီးခြား အတည်ပြုချက် မရရှိသေးပါ။

လောလောဆယ်တွင် အစိုးရတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့် ပန်ဆိုင်းမြို့ အနီးဝန်းကျင်သို့ ဖြည့်တင်းထားသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ကြောင်း KIA ဘက်က ခန့်မှန်းပြောဆိုသည်။

အလားတူ တင်္နလာနေ့ နံနက် ၈ နာရီခွဲချိန်ကလည်း ခလဲန် (Hka Len) ကျေးရွာ အနီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အစိုးရနှင့် KIO နှစ်ဖက် ကိုယ်စားလှယ်တို့ ယခုလ ၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစုံတရာ သဘောတူညီမှု မရသေးသည့်အချိန် ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

တချိန်တည်းတွင် အစိုးရတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် ကားအစင်း ၃၀ ခန့် တင်္နလာနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က KIA တပ်မဟာ (၅) ဗဟိုဌာနချုပ် နယ်မြေရှိရာ လဂျားယန်အနီး မန်ဆိုင်း ကျေးရွာသို့ ထပ်မံတိုးချလာကြောင်း KIA ရှေ့တန်း အရာရှိများက ဆိုသည်။

Most read this week