ဒေသတွင်း တိုက်ပွဲကြောင့် ရွာသားများ ထိန်းသိမ်းခံထားရ

ဒေသတွင်း တိုက်ပွဲကြောင့် ရွာသားများ ထိန်းသိမ်းခံထားရ
by -
ကချင်သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကြူကုတ်ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်းကျေးရွာအနီး အစိုးရတပ်ဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ယနေ့မနက်မှ တိုက်ပွဲဖြစ်ပွားခဲ့ရာ ရွာသားများအား ကျေးရွာရှိ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွင် ထိန်းသိမ်းထားကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများပြောသည်။

ဖိုင်ကောင်းကျေးရွာအနီး အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၂၄၀) တပ်ဖွဲ့များနှင့် KIA လက်အောက်ခံ (MHH) ပြည်သူ့စစ် တပ်ဖွဲ့များ ယနေ့နံနက် ရ နာရီမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁၀ နာရီ အချိန်ခန့်တွင် ကျေးရွာရှိ ပြည်သူများကို အတင်းအဓမ္မကြိမ်းမောင်းခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံ တစ်ဦးက ကချင်သတင်းဌာန သို့ပြောသည်။

“အဲဒီရွာနားမှာ ဒီမနက် ရ နာရီကနေ ပစ်ခတ်ကြတာ။ ပြီးတော့ ရွာကလူတွေအားလုံးကို မောင်းပြီး ဘုရားကျောင်းမှာ ထည့်ထားတယ်။ ပြီးတော့ အစိုးရစစ်သားတွေစောင့်နေတယ်။ ရွာလူကြီးကိုတော့ ဖမ်းပြီး ရိုက်နှက် ပြီးတော့ KIA စစ်သားတွေကို ခေါ်ပေး မခေါ်ပေးရင် မင်းတို့ရွာကို မီးရှို့လိုက်မယ်ဆိုပြီး ဒီနေ့ တနေ့လုံး ဆွဲခေါ်သွားတယ်။”

အစိုးရတပ်များသည် ရွာသူကြီးကို ရိုက်နှက်နှိပ်စက်ပြီးနောက် ညနေပိုင်းတွင် ဘုရားကျောင်းသို့ ပြန်ပို့ထား ကြောင်းနှင့် ဒေသခံ အချို့သာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး အများစုမှာ ထိန်းသိမ်းခံထားရသည်။

ဖိုင်ကောင်းအနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် အစိုးရဘက်မှ ၆ ဦးသေဆုံးပြီး ဒဏ်ရာရသူ အချို့ရှိကြောင်း KIA ရှေ့တန်း တပ်ဖွဲ့ဝင်များက ပြောဆိုသည်။

သို့သော် ထိခိုက်ကျဆုံးစားရင်းနှင့် ပတ်သက်၍ သီးခြားအတည်ပြုချက် မရသေးပါ။

ဖိုင်ကောင်းကျေးရွာ အနီးတဝိုက် အစိုးရနှင့် KIA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ရွာသားများ ခေတ္တခိုလှုံရန် တရုတ် မြန်မာနယ်စပ်အနီး ယာယီတဲများပြုလုပ်၍ စပါးနှင့် အိမ်အသုံးအဆောင် ပစ္စည်း များကို ရွှေ့ပြောင်း ထားခဲ့သည်။ သို့သော် ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ယင်းယာယီတဲများအား အစိုးရတပ်ဖွဲ့့ မှ မီးရှို့ဖျက်ဆီး လိုက်ကြောင်း ဒေသခံများက ပြောသည်။

ဖိုင်ကောင်းကျေးရွာတွင် အိမ်ခြေ ၆၂ အိမ်ရှိပြီး လူဦးရေ ၄၀၀ ကျော်နေထိုင်ကြောင်း သိရသည်။ အစိုးရတပ်ဖွဲ့ များက ထိုကျေးရွာသားများကို  ဘုရားကျောင်းတွင် ထိန်းသိမ်းထားရာ ၎င်းတို့၏ စားသောက်ရေးအတွက် လွတ်မြောက်နေသည့် ဒေသခံများက စိုးရိမ်နေကြသည်။

Most read this week