ဧရာဝတီမြစ်ဆုံ တန်ဖရဲရွာပြောင်းရွှေ့ရန် စစ်အစိုးရ နောက်ဆုံးရက်သတ်မှတ်

ဧရာဝတီမြစ်ဆုံ တန်ဖရဲရွာပြောင်းရွှေ့ရန် စစ်အစိုးရ နောက်ဆုံးရက်သတ်မှတ်
by -
KNG

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဧရိယာရှိ တန်ဖရဲရွာအား လာမည့်မတ်လအပြီး ပြောင်းရွှေ့ရန် မြန်မာစစ်အစိုးရ အာဏာပိုင်များမှ နောက်ဆုံး ရက်သတ်မှတ်ခဲ့သည်။ ...

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဧရိယာရှိ တန်ဖရဲရွာအား လာမည့်မတ်လအပြီး ပြောင်းရွှေ့ရန် မြန်မာစစ်အစိုးရ အာဏာပိုင်များမှ နောက်ဆုံး ရက်သတ်မှတ်ခဲ့သည်။

မြန်မာစစ်အစိုးရ၏ ပြောင်းရွှေ့ရန် ဖိအားပေးခံနေရတဲ့ တန်ဖရဲ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း။ ဓါတ်ပုံ - ကချင်သတင်းဌာနမြန်မာစစ်အစိုးရ၏ မြစ်ကြီးနားမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက)၊ ရဲတပ်ဖွဲ့ နှင့် အေးရှားဝေါလ် ကုမ္ပဏီ (Asia World Company) မှ တာဝန်ရှိသူများ ဇန်နဝါရီ ၂၃-၂၄ ရက်တွင် တန်ဖရဲရွာသို့ လာရောက်ခဲ့ပြီး လျော်ကြေးကိစ္စနှင့် မတ်လအပြီး ရွာပြောင်းရွှေ့ရမည်ကို ပြောကြားခဲ့သည်။

တချိန်ထဲမှာ ရွာအထဲ နှင့် ဘေးပတ်ဝန်းကျင်တွင် ရွှေအကြီးအကျယ်တူးဖော်နေခြင်းကြောင့် ရွာသား၏ လယ်ယာများအားလုံးပျက်စီးကာ မည်သူမှ စပါးစိုက်ပျိုးရန် အားထုတ်ခြင်းမရှိတော့ကြောင်းနှင့် ရွာပြောင်းရွှေ့ရန် ပိုမိုဖိအားခံနေရကြောင်း သိရသည်။

“ငရဲနဲ့ပဲတူတော့တယ်။ ရွှေမှော်ဖြစ်သွားလို့ပျက်စီးနေတဲ့ရွာ၊ အဲရွာထဲကလူတွေလည်း ပိုပိုပြီး မူးယစ်ဆေးဝါးသုံးစွဲနေကြတယ်။” ဟု တန်ဖရဲရွာသား ဦးဘောက်နော် ပြောသည်။

ရွှေမှော်နှင့်အတူ လူငယ်များကြားမူးယစ်ဆေးဝါးသုံးစွဲမှု မြင့်မားလာသော်လည်း စစ်အစိုးရသက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ အရေးယူဆောင်ရွက်မှု မရှိကြောင်း ရွာသားတစ်ဦးပြောသည်။

“သူတို့က လိမ္မော်သီးပင် တစ်ပင် အတွက် ၁၃၅ ကျပ်ပေးမယ်တဲ့။ ဒီ မြစ်ဆုံရွာ အင်မိုင်ခ(မေခ)နှင့် မလိခကြားကရွာတွေအတွက်။” ဟု ဦးဘောက်နော် ပြောသည်။

တန်ဖရဲရွာသားများအား သက်ဆိုင်ရာက လျော်ကြေးပေးရန်စီစဉ်ထားရာတွင် အိမ်တိုင်း၏စိုက်ပျိုးသစ်ပင်အရေအတွက်နှင့် သိုလှောင်ထားသည့်ဝမ်းစာအတွက်သာပါ၀င်ပြီး အိမ်နှင့် မြေနေရာအတွက် လျော်ကြေးပေးခြင်းမရှိပါဘူး။

“ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရွာသားတွေ မပြောင်းဖို့ ဆုံးဖြတ်ထားတယ်။” ဟု ဘောက်နော် ဆက်ပြောသည်။

ယခုချိန် ရွာမှလူငယ်အများစုမှာ တိမ်းရှောင်နေရကြောင်း အဘယ်ကြောင့်ဆိုသော် ဧပြီ ၁၇၊ ၂၀၁၀ ရေကာတာစီမံကိန်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲပြီးနောက် ရွာရှိလူငယ်များ ဖမ်းဆီးလာ၍ ဖြစ်သည်။

ဗုံးဆက်တိုက်ပေါက်ကွဲပြီးနောက် စစ်ဆေးရေးဂိတ်နှင့် စစ်သားများ တိုးမြှင့်ကာ မြစ်ဆုံစီမံကိန်းဧရိယာအတွက် လုံခြံုရေးလည်း တင်းကျပ်လာသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၁၅၂ မီတာ (ပေ ၅၀၀) အမြင့်ရှိသည့် ဧရာဝတီမြစ်ဆုံရေကာတာသည် မြစ်အောက်ပိုင်းရှိ လူသိန်းနှင့်ချီနှင့် သဘာဝ ဂေဟစနစ် ထိခိုက်ပျက်စီးမည်ကို လျစ်လျူရှုကာ တည်ဆောက်နေခြင်းဖြစ်ကြောင်း ထောက်ပြဝေဖန်ခဲ့သည်။

ထိုင်းအခြေစိုက် မြန်မာမြစ်ချောင်းများကွန်ယက်အဖွဲ့ (Burma Rivers Network, BRN) က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြောက်ဘက် မိုင် ၂၀ကျော်ရှိ မြစ်ဆုံရေကာတာကြောင့် ဒေသခံ ၁၅၀၀၀ ခန့် ၎င်းတို့ရွာများမှ ရွှေ့ပြောင်းခံရမည်ဖြစ်ပြီး မြစ်အောက်ပိုင်းနေထိုင်သူများ ရေလွှမ်းမိုးမှုနှင့် ရေခန်းခြောက်မှု ကြံုလာနိုင်ကြောင်း သတိပေးထားသည်။

ယင်းစီမံကိန်းကို ယမန်နှစ်ကစပြီး တရုတ်အစိုးရပိုင် CPI (China Power Investment Corporation) နှင့်၊ မြန်မာပြည်မှ Asia World Company နှင့် စစ်အစိုးရတို့က တရားဝင် ပူးပေါင်းအကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။

ရေကာတာတွင် ရေပမာဏကန့်သတ်စီးဆင်းစေမည်ဖြစ်သောကြောင့် ၎င်းရေအရင်းအမြစ်ကို မှီခိုအားထား၍အသက်မွေးကျောင်းပြုနေသော လယ်သမားများနှင့် တံငါသည်များအား ထိခိုက်စေမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ထုတ် BRN ၏ကြေငြာချက်တွင် ဖော်ပြသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ အပါအဝင် အင်မိုင်ခ (မေခ) နှင့် မလိခ မြစ်များတွင် ရေကာတာ ရ ခုတည်ဆောက်ရန်ရှိပြီး ၎င်းတို့မှထွက်လာမည့် စုစုပေါင်း လျှပ်စစ်ဓါတ်အား ၁၇၁၆၀ မီဂ္ဂါ၀ပ်မှ အများစုအား တရုတ်နိုင်ငံသို့ ရောင်းချမည်ဟု BRN က ဆိုသည်။

ယခုအချိန်ထိ မြစ်ဆုံရေကာတာစီမံကိန်းဧရိယာအထဲရှိ အနည်းဆုံး ရွာ ၆ ရွာမှာ စစ်အာဏာပိုင်များမှ စီစဉ်ထားသောရွာသစ်သို့ အဓ္ဓမပြောင်းရွှေ့ခြင်းခံခဲ့ရသည်။

Most read this week