ယုဇနကုမ္ပဏီ ဓါတုဆေးကြောင့် ဟူးကောင်းကွဲျများ သေဆုံး

ယုဇနကုမ္ပဏီ ဓါတုဆေးကြောင့် ဟူးကောင်းကွဲျများ သေဆုံး
by -
KNG

ကချင်ပြည်နယ် ဟူးကောင်းဒေသတွင် ၀ရာဇွပ်ကျေးရွာ ဒေသခံများ၏ လယ်ယာမြေများဆီ အဓမ္မတိုးချဲ့ စိုက်ပျိုးလာသော ယုဇနကုမ္ပဏီ၏ စိုက်ပျိုးခင်း ရှိလာကတည်းက အနီးတဝိုက်တွင် ကျက်စား ...

ကချင်ပြည်နယ် ဟူးကောင်းဒေသတွင် ၀ရာဇွပ်ကျေးရွာဒေသခံများ၏ လယ်ယာမြေများဆီ အဓမ္မတိုးချဲ့စိုက်ပျိုးလာသော ယုဇနကုမ္ပဏီ၏ စိုက်ပျိုးခင်း ရှိလာကတည်းက အနီးတဝိုက်တွင် ကျက်စားသော ကျွဲများ ရုတ်တရက် သေဆုံးမှု ဖြစ်ပွားနေသည်ဟု ဒေသခံများ ပြောဆိုသည်။

ယုဇနကုမ္ပဏီဓါတုဆေးကြောင့် ၀ရာဇွပ်ကျေးရွာအနားလဲလျောင်းနေတဲ့ ကျွဲတစ်ကောင်။ ဓါတ်ပုံ - ကချင်သတင်းဌာနယခုလ အစောပိုင်းကတည်းက ၀ရာဇွပ်ဒေသခံများ နှစ်စဉ် လွှတ်ထားနေကျ ကျွဲများသည် ယုဇနကုမ္ပဏီ အလုပ်သမားများ၏ ကြံစိုက်ခင်းနှင့် ပီလောပီနံစိုက်ခင်း ပတ်ဝန်းကျင်တွင် ကျက်စားပြီး မကြာ ခဏ ရုတ်တရက် သေဆုံးမှုစဖြစ်လာသည်မှာ အကောင် ၅၀ နီးပါးရှိနေကြောင်း ရွာသားတစ်ဦး ထိုင်းအခြေစိုက် ကချင်သတင်းဌာနသို့ ပြောသည်။

“လောလောဆယ်တွေ့ထားတာတွေကတော့ အကောင် ၂၀ ကျော်သေတယ်။ ဒီကြံခင်းဘက်မှာရှိတဲ့ ကျွဲအုပ်ပဲသေသွားတာလေ။ ရောဂါနဲ့သေတယ်ဆိုရင်တော့  တခြားမှာရှိတဲ့ကျွဲအုပ်တွေလည်းသေမှာပါ့အေ။ ဒီကြံခင်းဘက်မှာရှိတဲ့ ကျွဲအုပ်ပဲ သေတယ်ဆိုတော့ ရောဂါကြောင့်တော့မဖြစ်နိုင်တော့ဘူး။ ကျမတို့ပြောချင်တာကတော့ သူတို့ဒီမှာဆေးခတ်တာတော့အသေအချာပဲလေ။ ဒါမဲ့ ဘာဆေးခတ်တယ်၊ ညာဆေးခတ်တယ်ဆိုတာကတော့ ကျမတို့မသိဘူး။ ဒါမဲ့သူတို့ ဒီကြံခင်းမှာကပ်ထားတာကျတော့ ကြံပင်ကသေးသေးလေးပဲရှိသေးတယ်။ အပင်သန်ဆေးခတ်ထားသည် ပေါ့ အဲလိုမျိုးရေးထားတယ်။”

အတည်မပြုရသေးသောသတင်းအရ ယုဇနကုမ္ပဏီအလုပ်သမားများမှ ကျွဲအလာလမ်းတွင် ပစ်ကျဲထားတဲ့ ဓါတုဆေးပါဆားထုပ်များ စားမိခြင်းကြောင့်လည်း ကျွဲများသေဆုံးမှု ဖြစ်သည်ဟု ရွာသားများက ပြောဆိုနေကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ယုဇနကုမ္ပဏီမှ ၀န်ခံခြင်းမရှိပဲ အရေးတယူရှင်းပြခဲ့ခြင်းလည်း မရှိသည့်ပြင် ကျွဲ နွားများကို သေစေနိုင်သည့် မည်သည့် ဓါတုဆေးဝါးကို အသုံးပြုနေသည်ကိုလည်း အသိမပေးသည့်အတွက် ရွာသားများ အဖြေရှာမရဖြစ်နေဆဲ ဖြစ်သည်ဟု ကျွဲပိုင်ရှင်အမျိုးသမီးမှ ဆက်ပြောသည်။

“ကုမ္ပဏီကိုယ်တိုင်က ကျွန်တော်တို့ရွာနားမှာ ကြံခင်းလုပ်ထားတယ်။ ကွဲျသွားမယ့်နေရာက အခုအကုန်လုံး ကြံခင်းတွေ ပီလောပီနံခင်းတွေအကုန်လုံးလုပ်ပေးလိုက်တဲ့အခါကျတော့ ကျွဲတွေဆင်းမည့်နေရာကိုမရှိတော့ဘူး။ ကျွန်မတို့ ရွာနားဆိုတော့ အခုသူတို့ကြံစိုက်ထားတဲ့နေရာက အရင်က ကျွဲတွေအများကြီး ကျွဲအုပ်တွေရှိတဲ့နေရာ ကျွဲတွေပျော်တဲ့နေရာ ဖြစ်နေတာပေါ့ အဲဒီလိုမျိုးနေရာမှာ အဲဆိုတော့ကျွဲတွေက လာတာဆိုတော့ သူတို့နေရာပဲလာမှာပါ့အေ။”

၀ရာဇွပ်ရွာသားများသည် ဆန်စပါးစိုက်ပျိုးရန်အတွက် ကျွဲကို မရှိမဖြစ်လိုအပ်သည့်အတွက် ကျွဲများသေဆုံးမှုကြောင့် မိသားစုဝမ်းစာအတွက်အခက်ခဲများ ကြုံလာဖွယ်ရှိမည်ကို စိုုးရိမ်ပူပန်နေကြသည်။

“တစ်ချို့တွေက ၁ ကောင်ရှိ ၁ ကောင်သေသွားတယ်။ တစ်ချို့တွေက ၂ ကောင်ရှိ ၂ ကောင်သေသွားတယ်။ အဲလိုမျိုးဆိုတော့ ဒီကျွဲနဲ့ပဲ လယ်လုပ်နေတယ်လေ။ ကျွဲမရှိတော့ဘူးဆိုတော့ လယ်လုပ်တဲ့အခါကျရင် ဘာနဲ့သွားလုပ်တော့မှာလဲ။ ကျွန်မဆီမှာ ကျွဲတွ ငှားတဲ့အခါကျတော့လည်း တင်း ၅၀ တင်း ၆၀ အဲလိုမျိုးပေးရတယ်။ ပြီးရင်ကဲဘယ်လိုလုပ်တော့မှာလဲ။ ကျွန်မတို့ကတော့ ကုမ္ပဏီကို ငြိုးတာတော့မ ဟုတ်ဘူးပေါ့နော။ ငါတို့က လယ်လုပ်စားလို့မရတော့ဘူး။ လူနဲ့လည်းလုပ်လို့မရတော့ဘူး။ ကျွဲနဲ့ပဲ အားကိုးနေရတယ်လေ။ ကျွဲမရှိတော့ဘူးဆိုတော့ နောက်ဆုံးအလုပ်လက်မဲ့ဖြစ်သွားပြီဆိုတော့ သူတို့အုပ်ချုုပ်နေတဲ့ဒီအထဲမှာ အကုန်လုံး သူတို့နေရာချည်းဆိုတော့ ကျွန်မတို့က သူတို့ဆီမှာ ကျွန်ခံရုံပဲရှိတာပေါ့။”

စစ်အစိုးရ၏ အကာအကွယ်ပေးမှုအောက်ရှိသော ယုဇနကုမ္ပဏီသည် ၎င်းတို့၏စီမံကိန်းများကိုလုပ်ဆောင်ရာတွင်  အာဏာအပြည့်အဝရှိပြီး ကျွဲနွားသေဆုံးနေခြင်းအတွက်လည်း ရွာသားများမူ သက်ဆိုင်ရာသို့တိုင်တန်းရန် ကြောက်ရွံ့နေသည်ဟုလည်း ရွာသားများပြောသည်။

၂၀၀၆ ခုနှစ် စီမံကိန်းစတင်ပြီးနောက်ပိုင်း ယုဇနကုမ္ပဏီ၏ဓါတုဆေးဝါးများကြောင့် တောရိုင်းတိရစ္ဆာန်များနှင့် မွေးမြူထားသည့်တိရစ္ဆာန်များ သေဆုံးမှု ရှိနေခဲ့ရာ ယခုနှစ်တွင် အဆိုးဆုံးဖြစ်ကြောင်း စောင့်ကြည့်နေသူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်မှ စာဂျီကပြောဆိုသည်။

“ဒီစိုက်ပျိုးရေးစီမံကိန်းစလုပ်တဲ့အချိန်မှာ ပေါင်းသတ်ဆေးတို့ မြေသြဇာလုပ်တဲ့အချိန်တို့ ပိုးသတ်ဆေးတို့ သူတို့ဖြန့််ရတယ်။ ဧကထောင်သောင်းနဲ့ချီပြီးဖြန့်ရတဲ့အချိန်မှာ အင်မတန်မှ ဒီ ဆေးအာနိတင်ကတော်တော်များမှာပေါ့။ ဆေးရဲ့ ဆိုးကျိုးက တော်တော်ကိုများနေတယ်။ အဲဒါတစ်ချက်ဖြစ်နိုင်တယ်။ သူတို့ရဲ့ ပေါင်းရှင်းပြီး မြေတူးဖော်ပြီး ဆွပြီးတဲ့အချိန်မှာ ပိုးသတ်ဆေးနဲ့ ပေါင်းသတ်ဆေးကို တညီတညွတ်တည်းဖြန့်လေ့ရှိတယ်။ အဲဒီအချိန်မှာ တခြားတိရိစ္ဆာန်အပါအဝင် အထဲက organism ပိုးမွှားတွေ သေကျေကုန် တာတွေ့ရှိရတယ်။ အခုဖြစ်နိုင်ဖွယ်ရှိတာက ဒီပေါင်းသတ် ပိုးသတ်ဆေးနဲ့ဓါတ်မြေသြဇာတွေ ဖြန့်ဖြူးခြင်းအားဖြင့်ဖြစ်နိုင်တယ်။”

စစ်အစိုးရ ကျောထောက်နောက်ခံ ရန်ကုန်အခြေစ်ုိက် ဦးဌေးမြင့်ဦးစီးသောယုဇနကုမ္ပဏီသည် ဒေသခံကချင်တောင်သူများ၏ လယ်ယာ၊ ဥယျာဉ်နှင့် အိမ်ခြံမြေများအပါအဝင် ဟူးကောင်းဒေသမှ ဧက ၄ သိန်းကျော် သိမ်းယူခဲ့သည်။

ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည့် ဟူးကောင်းသစ်တောကို ယုဇနကုမ္ပဏီက စိုက်ခင်းများ အဖြစ်ပြောင်းလဲခဲ့ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်အဖွဲ့ ကဆိုသည်။

မြေယာသိ်မ်းယူမှု၊ လူမှုရေးပြဿနာနှင့် ယုဇနကုမ္ပဏီအလုပ်သမားများမှ ဒေသခံအမျိူးသမီးများကို အဓမ္မပြုကျင့်မှုများကို ကချင်လူထုက စစ်အစိုးရအာဏာပိုင်များထံတိုင်ကြားမှုတို့မှာလည်း လျစ်လျူရှုခံနေရကြောင်း ဒေသခံများကဆိုသည်။

Most read this week