ကချင်ပြည်နယ်နေ့ မနောပွဲတော် ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်နေ့ မနောပွဲတော် ဖွင့်ပွဲကျင်းပ
by -
KNG

လေးရက်ကြာ ကျင်းပမည့် ၆၃ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် “ကချင်ရိုးရာ မနောပွဲတော်ကြီး” စတင်သည့် ဖွင့်ပွဲ အခမ်းအနားအား ယနေ့မနက် မြန်မာစံတော်ချိန် ၈းဝဝ နာရီတွင် ကချင်မြို့တော်မြစ်ကြီးနား ...

လေးရက်ကြာ ကျင်းပမည့် ၆၃ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် “ကချင်ရိုးရာ မနောပွဲတော်ကြီး” စတင်သည့် ဖွင့်ပွဲ အခမ်းအနားအား ယနေ့မနက် မြန်မာစံတော်ချိန် ၈းဝဝ နာရီတွင် ကချင်မြို့တော်မြစ်ကြီးနား စီတာပူမနောကွင်းကြီး မနောမုဒ်ဝတွင် ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့မှ စီတာပူ ကချင်ရိုးရာမနောကွင်းသို့ အဓိကဝင်ပေါက် အင်ဂျန်ခတံတား။ ဓါတ်ပုံ-ကချင်သတင်းဌာနဇန်နဝါရီလ ၁၀ ရက်နေ့သည် ကချင်ပြည်နယ်နေ့ ဖြစ်သည်။

မြစ်ကြီးနားခရစ်ယာန်ကောင်စီ (Myitkyina Christian Council, MCC) မှ ဘုန်းတော်ကြီး လုကာဒေါင်ခေါင်မှ ဖဲကြိုးဖြတ်ပြီး၊ သိက္ခာတော်ရသင်းအုပ်ဆရာ မဒိန့်ဇုန်းကျန်းမှ ဆုတောင်းကာ မနောပွဲတော်ဖွင့်ပွဲပြုလုပ်ခဲ့သည်။

ဖွင့်ပွဲတွင် တက်ရောက်ခဲ့သောလူဦးရေမှာ ၈၀၀ ခန့်ရှိသည်ဟု ဧည့်ကြိုအဖွဲ့မှ ကောက်ခံရရှိသည့် စာရင်းအရ သိရသည်။ မနောကွင်းဖွင့်ပြီး မနောစျေးရောင်းပွဲများ လည်း စတင်ရောင်းချနေပြီ ဖြစ်သည်။

ယခုမနောပွဲကြီးတွင် ယခင်နှစ်များထက် ထူးခြားစွာ Studio 35မှ တီဗွီကင်မရာများ တပ်ဆင်ကာ ပွဲမသွားနိုင်သည့် ပြည်သူများအတွက်လည်း မနောကွင်း ၁၀ မိုင် ပတ်ဝန်းကျင်၌ ရုပ်မြင်သံကြား တိုက်ရိုက်ပြသနေသည်။

“မနေ့ကတော့ စမ်းကြည့်တယ်၊ ရ မရ။ သူတို့ ရိုက်ကြည့်ပြီး အိမ်မှာနေတဲ့ သူတွေကြည့်နိုင်ဖို့၊ မိုင် ၁၀ အတွင်း အားလုံးကြည့်လို့ ရအောင် ၁၁ ရက်နေ့ထိ တိုက်ရိုက်ပြသမှာ ဖြစ်တယ်။” ဟု မနောပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလခရိလအောင်မှ ပြောသည်။

ဒီနေ့မှာတော့ တရုတ်ပြည်မှ ဧည့်သည်တော်ဦးရေ ၂၀၀ ခန့် ရောက်ရှိလာမည် ဖြစ်သည်။ ယခင်နှစ်များတွင် တရုတ်ဧည့်သည် အယောက် ၃၀၀ ကျော် မနောပွဲ ပါဝင်ခဲ့ကြသည်။ ယူနန်ပြည်နယ် ပေါင်ရှန်က လည်း တရုတ်ဧည့်သည်များ အယောက် ၄၀ ကျော် ရောက်ရှိမည်ဟု သိရသည်။

ကချင်ပြည်နယ်နေ့ မနောပွဲတော်တွင် ဒီနှစ်ရောက်ရှိလာမည့် ဧည့်သည်ခန့်မှန်းခြေ လူဦးရေ ၃သိန်းခန့်ရှိမည်ဟု ဦးလခရိလအောင်မှပင် ခန့်မှန်းပြောဆိုသည်။ ယခင်နှစ်များတွင် ပွဲတော်သို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ လူအများအပြား တက်ရောက်ခဲ့သော်လည်း ယခုနှစ် တက်ရောက်ရန်မရှိကြောင်း သိရသည်။

ဆက်လက်ပြီး ညအစဉ်အစီဖြင့် မလိခူးမဂျွယ် စင်တွင် တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်မှုရှိပြီး၊ ကြိုင်ခူးမဂျွယ် စင်၌မူ ကလေး၊ လူငယ်၊ လူကြီး အားလုံး ကချင်တိုင်းရင်းသားလူမျိုးစု၏ ကချင်သီးချင်ပြိုင်ပွဲ၊ ဂီတသံစဉ်ပြိုင်ပွဲများရှိမည်ဖြစ်သည်။

မနက်ဖြန် ဇန်နဝါရီလ ၈ရက်နေ့တွင် ကချင်ပြည်နယ်နေ့ ကြိုဆိုသည့်အနေနဲ့ မနောအက (ကချင်အာရုံ- Manau nau) ကခြင်းစတင်မည်ဖြစ်ရာ တစ်ရက်လျှင် နှစ်ကြိမ် ကသွားမည်ဖြစ်သည်ဟု သိရသည်။

ထိုနေ့ မနောအက မစတင်မီ မြစ်ကြီးနားအခြေစိုက် မြန်မာစစ်အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင် မှလည်း မိန့်ခွန်း အမှာစကားပြောကြားမည်ဖြစ်သည်ဟု ဦးလအောင်မှ ပြောသည်။

“အရင်က ဒီပထမဦးဆုံး နေ့တွေမှာ မလာဘူး။ မလာနဲ့လို့ပြောတာ မရဘူး။ အရင်နှစ်က မလာဘူး။ လာရင်လည်း မိန့်ခွန်းမပြောဘူး။ ခုက မိန့်ခွန်းလည်း ပြောမယ်တဲ့။” ဟု ဦးလအောင်မှ ဆက်ပြောသည်။

ယမန်နှစ်တွေမှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်မနောပွဲကြီးအား လူထုစိတ်ဝင်စားမှုပိုများပြီး ဒီနှစ်မှာတော့ မနော ဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်လူကြီးများပင် စိတ်ဝင်စားမှုနည်းသည်ဟု မနောကော်မတီဝင် တစ်ဦးပြောသည်။

Most read this week