စစ်အစိုးရမှ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ပြည်သူ့ဘဏ္ဍအဖြင့် သိမ်းယူနေ

စစ်အစိုးရမှ လိုင်စင်မဲ့ မော်တော်ယာဉ်များကို ပြည်သူ့ဘဏ္ဍအဖြင့် သိမ်းယူနေ
မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ တရုတ်မော်တော်ဆိုင်ကယ်များကို စစ်အစိုးရက ယခုလ ဇူလိုင် လဆန်းမှစ၍ ယာဉ်ပိုင်ရှင်များကို အတင်းလက်မှတ် ထိုးစေပြီး “ပြည်သူ့ဘဏ္ဍအဖြင့်” သိမ်းယူ...

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ရှိ လိုင်စင်မဲ့ တရုတ်မော်တော်ဆိုင်ကယ်များကို စစ်အစိုးရက ယခုလ ဇူလိုင် လဆန်းမှစ၍ ယာဉ်ပိုင်ရှင်များကို အတင်းလက်မှတ် ထိုးစေပြီး “ပြည်သူ့ဘဏ္ဍအဖြင့်” သိမ်းယူနေပါသည်။

ပြည်နယ်မြို့တော် မြစ်ကြီးနား အခြေစိုက် မော်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးတွင် ဖမ်းဆီးထားသည့် မော်တော်ယာဉ်ပိုင်ရှင်များအား  “မိမိဆန္ဒဖြင့် နိုင်ငံတော်အား လှူဒါန်းသည်” ဆိုသောစာသားပါစာရွက်တွင် အတင်းလက်မှတ်ရေးထိုးခိုင်းပြီး သိမ်းယူနေဖြင်းဖြစ်ကြောင်း သိရသည်။

၀ို်င်းမော်မြို့မှ ဧရာဝတီမြစ် တစ်ဖက်ကမ်း မြစ်ကြီးနားတက္ကသိုလ်တွင် နေ့စဉ်အသွားအပြန် ကျောင်းတက်နေသူမှ ၎င်း၏ဆိုင်ကယ် အသိမ်းခံလိုက်ရခြင်းနှင့့်ပတ်သက်ပြီး “ကျတော် ပြန်သွားရွေးတယ်၊ သူတို့က စာရွက်ထုတ်ပြီး၊ ဒီမှာလက်မှတ်ထိုးလိုက်တဲ့၊ ကျတော် ဘာမှမတတ်နိုင်ဘူးလေ၊ လက်မှတ်ထိုးလိုက်တယ်၊ ဆိုင်ကယ်လည်း ပြန်မရဘူး၊ ခုထိ အမေ့ကိုလည်း မပြောရဲဘူး” ဟု ပြောသည်။

အကောက်အခွန်ဌာနမှ ဒေသခံများအား ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင် လုပ်ပေးရန် ကြေငြာခဲ့ပြီးနောက် ယခုလို သိမ်းယူမှုများကို ကချင်ပြည်နယ်၏ အဓိကမြို့ကြီးများဖြစ်ကြသည့် မြစ်ကြီးနား၊ ဝိုင်းမော် နှင့် ဗန်းမော်များတွင် ပြုလုပ်နေခြင်းဖြစ်သည်။

“အရမ်းပဲ ဖမ်းနေတယ်၊ တစ်နေရာဖမ်းလိုက်၊ နောက်တစ်နေရာဖမ်းလိုက်နဲ့၊ နေရာစုံဖမ်းနေတယ်” ဟု မြစ်ကြီးနား မြို့ခံတစ်ဦး ပြောပါသည်။

မြစ်ကြီးနားတွင် လိုင်စင်မဲ့ ဆိုင်ကယ်အများဆုံးဖမ်းဆီးမှုကို တက္ကသိုလ်ကျောင်းဆင်းချိန်တွင် အဓိက ပစ်မှတ်ထား ပြုလုပ်နေတာဖြစ်သည့်အတွက် အသိမ်းခံရရှိသည့့် ဆိုင်ကယ် အများဆုံးကလည်း ဒေသခံ တက္ကသိုလ်ကျောင်းသူ/ သားများမှ ဖြစ်ကြကြောင်းသိရသည်။

ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်မှ အဓိက ၀င်လာသော လိုင်စင်မဲ့ဆိုင်ကယ်များအား အသစ်တစ်စီးကို ကျပ် ၄ သိန်းဝန်းကျင်ဖြင့်သာ ၀ယ်ယူနေချိန်တွင် အစိုးရမှ လုပ်ပေးနေသော လိုင်စင်ကြေးမှာ ကျပ် ၂ သိန်းခန့်ရှိနေသဖြင့့် ဆိုင်ကယ်ပိုင်ရှင်အများစုမှာ ငွေကြေးမတတ်နိုင်သဖြင့် လိုင်စင်ပြုလုပ်ခြင်းမရှိကြောင်း သိရသည်။

ယခုချိန် မြစ်ကြီးနား ယာဉ်စည်းကမ်းထိန်းသိမ်းရေးရုံးတွင် ဖမ်းဆီးထားသည့် ဆိုင်ကယ်အရေအတွက်မှာ ၁၀၀၀ နီးပါးရောက်နေပြီး ၎င်းဆိိုင်ကယ်များကို ယခင်ကလိုပဲ နိုင်ငံမြို့တော် နေပြည်တော်သို့ ပိုပေးရန်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မြန်မာစစ်အစိုးရသည် ယခုနှစ် နှောင်းပိုင်းတွင်ပြုလုပ်မည့် ၎င်း၏ ၂၀၁၀ ရွေးကောက်ပွဲအတွက် အရေးပေါ်ရံပုံငွေ ရှာဖွေခြင်းအနေဖြင့် ယခုလို ကချင်ပြည်နယ်အပြင် တနိုင်ငံလုံးတွင် ရက်တိုအတွင်း မော်တော်ဆိုင်ကယ် လိုင်စင်သစ်များထုတ်ပေးခြင်း နှင့် တချိန်ထဲမှာ လိုင်စင်မဲ့မော်တော်ယာဉ်အားလုံးကို သိမ်းယူနေခြင်းဖြစ်သည်။

Most read this week