ဖားကန့်တွင် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ဆိုင်ကယ် ကယ်ရီခ စျေးတက်လာ

ဖားကန့်တွင် ရေကြီးမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ဆိုင်ကယ် ကယ်ရီခ စျေးတက်လာ
ကချင်ပြည်နယ် ဖားကန့်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့်  ဥရုချောင်းရေလမ်းပိတ်ဆို့လာပြီး ပုံမှန်လမ်းများမှ သွားလာရန်အခက်အခဲဖြစ်ကာ ဇွန်လကုန်ပိုင်းမှ စကာ ဆိုင်ကယ်ကယ်ရီခ ၂ ဆ တက်လာ...

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့်  ဥရုချောင်းရေလမ်းပိတ်ဆို့လာပြီး ပုံမှန်လမ်းများမှ သွားလာရန်အခက်အခဲဖြစ်ကာ ဇွန်လကုန်ပိုင်းမှ စကာ ဆိုင်ကယ်ကယ်ရီခ ၂ ဆ တက်လာသည်။

ဖားကန့်ဆိုင်းတောင်သွားလမ်းများတွင် ဆိုင်ကယ်၊ ကားများ သွားလာ၍မရသောကြောင့် ရွာဟောင်းလမ်းများမှသွားလာနေရကာ ဆိုင်ကယ်ကယ်ရီခ ယခင် ကျပ် ၂၀၀၀ ရှိရာမှ ယခု ကျပ် ၄၀၀၀ ရှိနေပြီဖြစ်ကြောင်း ဖားကန့် တည်းခိုခန်းပိုင်ရှင် တစ်ဦးပြောသည်။

“ရေကြီးလာမယ်ဆိုတာ သိတယ်လေ၊ အဲဒါကြောင့်ရွာဟောင်းလမ်းဖောက်ထားကြတာ၊ ခုရွာဟောင်းလမ်းကနယ် ဆိုင်ကယ်နဲ့ သွားနေကြတာ၊ ဆိုင်ကယ် ကယ်ရီ စျေးတော့ အရင်ထက် အများကြီးတက်တယ်” ဟု ၎င်းမှ ဆက်ပြောသည်။

နှစ်စဉ်နှစ်တိုင်း မိုးဥတုတွင် ရေကြီးမှု ဖြစ်ပွားနေသည့် ဖားကန့်မြို့နယ်သည် ယခင်နှစ်ကလို မြေပြို၍ လူအသေအပျောက်ထိဖြစ်လာမည့် အခြေအနေရောက်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။

ဖားကန့်မော်တွင် နေ့စဉ်နဲ့အမျှ စက်ယန္တရားကြီးများနှင့် ကျောက်စိမ်းတူးဖော်မှုကြောင့် ထွက်ရှိလာသည့် မြေစာများသည် တောင်လိုပုံလာကာ ဥရုချောင်း၏ ရေစီး ကြောင်းတွင် ၎င်းမြေစာများ သင့်ကာ ရေမစီးဆင်းနိုင်တော့ပဲ ရပ်ကွက်တော်တော်များများ ရေလွမ်းမိုးခြင်းခံနေရသည်။

ဤကဲ့သို့ ရေကြီးလာမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာကာ ကုန်စျေးနှုန်းများ သိသာစွာ တက်လာပြီး လမ်းစရိတ်များလည်း တိုးမြင့်လာသည်။

တစ်ဖက်တွေလည်း ဧရာဝတီမြစ်ရေကြီးလာမှုကြောင့် မြစ်ကြီးနားဒေသခံပြည်သူများ ဆန်အိတ်များနှင့် ကော်ဘူးများ ကြိုတင်စုဆောင်းလျက်ရှိသည်။

“အခုတော့ ရေက စိုးရိမ်မှတ်တော့မရောက်သေးဘူး၊ ဒါမဲ့ တစ်နေ့တစ်နေ့ကြီးနေတယ်” ဟု ဒေသခံတစ်ဦးပြောသည်။

ဝိုင်းမော်မြို့တွင်လည်း အာဏာပိုင်များက သုံးဘီးဆိုင်ကယ်များဖြင့် ရေကြီးလာနိုင်သည်ဟု လို်က်လံသတိပေး ကြေငြာပေးနေသည်။ ဧရာဝတီ မြစ်ရေသည် ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၈၊ ၂၀၀၄ စသည့်ဖြင့် ရ နှစ်တစ်ကြိမ်ရေကြီးလေ့ရှိသည်။ ၂၀၀၄ခုနှစ် ဧရာဝတီရေကြီးမှုတွင် နေအိမ်များ၊ ခြံဝင်းလိုက်ပျောက်ဆုံးပျက်စီးကာ လူအများ အပြားသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ သည်။

ဒီနှစ် ၂၀၁၀ခုနှစ်တွေမှာလည်း ရေကြီးလာနိုင်သည်ဟု ဒေသခံများ စိုးရိမ်နေကြသည်။

Most read this week