မိုးရာသီဝင်သည်နဲ့ ဖားကန့်ဒေသခံများ မြေစာပုံပြိုကျမည်ကို စိုးရိမ်နေ

မိုးရာသီဝင်သည်နဲ့ ဖားကန့်ဒေသခံများ မြေစာပုံပြိုကျမည်ကို စိုးရိမ်နေ
ပူပြင်းလွန်းလှတဲ့ မြန်မာနိုင်ငံရာသီဥတုဒဏ်ကြောင့် နိုင်ငံတောင်ပိုင်း တစ်ချို့နေရာများတွင် ရေရှားပါးမှုပြဿနာ များ ဖြစ်ပွားနေသော်လည်း ဧရာဝတီမြစ်ဖျားပိုင်း၊ ကချင်ပြည်နယ်မှာတော့ မိုးများရွာသွန်းပြီး ရေကြီးမှုတွေဖြစ်ပေါ်....

ပူပြင်းလွန်းလှတဲ့ မြန်မာနိုင်ငံရာသီဥတုဒဏ်ကြောင့် နိုင်ငံတောင်ပိုင်း တစ်ချို့နေရာများတွင် ရေရှားပါးမှုပြဿနာ များ ဖြစ်ပွားနေသော်လည်း ဧရာဝတီမြစ်ဖျားပိုင်း၊ ကချင်ပြည်နယ်မှာတော့ မိုးများရွာသွန်းပြီး ရေကြီးမှုတွေဖြစ်ပေါ် နေပါသည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းထွက်သည့် ဖားကန့်မြို့တွင် ဒီလ လဆန်းပိုင်းမှစ၍ မိုးများဆက်တိုက်နီးပါးရွာသွန်းမှု ကြောင့် ဒေသခံများ မြေစာပုံပြိုကျလာမည်ကို စိုးရိမ်တကြီးဖြစ်နေကြပါသည်။

နေ့စဉ် စက်ယန္တရားကြီးတွေနဲ့ ကျောက်စိမ်းတူးဖေါ်ရာမှထွက်လာသည့် မြေစာပုံများသည် ဖါးကန့် ပတ်ပတ်ဝန်းကျင်မှာ တောင်လိုဖြစ်လာခြင်းဖြစ်သည်။ “ဟာ တောင်တွေလိုပဲအမြင့်ကြီးပဲဗျ....တစ်ချို့ဆို ၀ါးသုံးလေးပြန်စာလောက်ရှိတယ်ဗျ” ဟု မြေစာပုံအမြင့်ကို ဒေသခံတဦးကပြောပြသည်။

ဤမြေစာပုံသည် တစ်နှစ်ထက်တစ်နှစ်များလာပြီး ဥရုချောင်းရေစီးကြောင်းတစ်လျှောက် မြေစာပုံတွေကြောင့် ရေးစီးဆင်းမှုလမ်းကြောင်း ပြောင်းလဲကုန်သည်။ ဒီနှစ်မှာပင် ရေစီးကြောင်းသင့်နိုင်တဲ့  မြေစာပုံတွေဟာ ဥရုချောင်းနဲ့နီးသည့် ဖားကန့်မြို့နယ် ငှက်ပျော်တောရပ်ကွက်ကို အကုန်လုံးမြုပ်သွားနိုင်တယ်ဟု ရွာခံတွေက စိုးရိမ်ပြီးပြောနေကြပါသည်။

“ငှက်ပျော်တောက လုံုးလုံးကို ပါသွားနိုင်ဖွယ်ရှိတယ်”လို့ ရွာခံလူကြီးတစ်ယောက်က ပြောသည်။    

မိုးဥတုဝင်သည်နဲ့ ဖားကန့်ဒေသခံများသည် အမြဲတမ်းစိုးရိမ်ပြီး အလုပ်များ နောက်နှေးကြံကြာကာ အလုပ်လုပ်ချိန်နည်းပါးသွားသည်။ “မိုးနည်းနည်းရွာတာနဲ့ အလုပ်မဆင်းတော့တာ၊ အဲဒီတော့ ရေမဆေးကျောက်လိုက်ကောက်တဲ့လူတွေလည်းအလုပ်မရှိ အိမ်မှာထိုင်နေကြတာပေါ့ အားလုံးက မိုးတွင်းပိုင်းအတွက် စိုးရိမ်နေကြတယ်၊ ရိက္ခာတွေဝယ်ထားကြတယ်”  ဟု ရေမဆေးကျောက်ကောက်သူ ကိုထွန်းမှ ပြောသည်။

ဆက်လက်ပြီး ၎င်းက “မိုးရွာတာနဲ့အဝေးပြေးလမ််းမကြီးတွေလည်း ပျက်စီးတော့တာပဲ၊ နောက်ပြီးကုမ္မဏီတွေလည်း နားရတယ်လေ မြေစာကျောက်တင် ကားကြီး တွေကလမ်းချော်တော့ မတက်နိုင်ကြဘူး” ဟု ဆိုပါသည်။

ဖားကန့်မြို့သည် မိုးရာသီ၌ရေကြီး၊ မြေပြိုမှုများ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်နေသည်။  ပြီးခဲ့သည့်နှစ် ရလပိုင်းတွင် လည်း မြေပြိုမှုကြောင့် လူအနည်းဆုံး အယောက် ၃၀ ကျော် သေဆုံးခဲ့သည်။ ဤသို့သေဆုံးမှုသည် နှစ်တိုင်း ရှိနေသည်သာမက လူနေအိမ်ပျက်စီးမှုများလည်း နှစ်တိုင်းဖြစ်ပေါ်နေသည်။

အခုလို နှစ်စဉ်နှစ်တိုင်းသေဆုံးမှု ဖြစ်နေသော်လည်း  သက်ဆိုင်ရာ စစ်အစိုးရအာဏာပိုင်များက  ဘာမှပြင်ဆင်မှုများ မလုပ်ပေးပါ။ “ဒေသခံရပ်ကွက်လူကြီးတွေလည်း မိုးတွင်းအတွက်အင်တိုက်အားတိုက် လုပ်ကိုင်ဖို့ဆော်ေဩာတာမျိုးမရှိသေးတော့ သူတို့လိုအရပ်သားတွေက ဘာမှ မလုပ်တတ်၊ မလုပ်နိုင်ကြပဲဖြစ်နေတယ်” ဟု ကိုထွန်းမှ ဆက်ပြောသည်။

၂၀၀၆ ခုနှစ်မှာ ဒီလို ဖါးကန့်မြို့နယ်၊ ဆိုင်းတောင် မှာ ရေကြီးနေတဲ့ မြင်ကွင်းတခု။ ဓါတ်ပုံ - ကချင်သတင်းဌာန

“ဒီနှစ်ဆိုရင် အရင်နှစ်တွေထက်ပိုပြီး အန္တရာယ်ပေးလာနိုင်တယ်” လို့ ဒေသခံတွေပြောနေကြသည်ကို ၎င်းမှ ဆိုသည်။

၁၉၉၄ အပစ်အခက်ရပ်စဲပြီးနောက်ပိုင်း ဖါးကန့်သို့ ကုမ္မဏီကြီးများဝင်ရောက်လာကာ မော်များကို မြေလေလံဆွဲသည့် စျေးကွက်များ စတင်လာပြီး စက်ယန္တရား ကြီးတွေနဲ့ ကျောက်တူးတဲ့စနစ်တွေ စတင်ခဲ့ပါသည်။

ယင်းတို့တူးဖော်မှုကြောင့် မြေစာပုံများ နေရာအနှံ့ တောင်လိုပုံလာကာ မိုးရာသီရောက်တိုင်း ရေစီးလမ်း ကြောင်းများပြောင်းလဲ၍ ရေကြီး၊ မြေပြိုမှုပြဿနာများ မကြာခဏဖြစ်ပေါ်ပြီး သေကျေပျက်စီးမှုများ ဖြစ်ရခြင်း ဖြစ်သည်။