တနသာင်္ရီ တိုင်းဒေသကြီး ကော့သောင်း ခရိုင် အတွင်းရှိ ဒေသ ဆိုင်ရာ အာဏာပိုင် များအား လိုင်းကြေး ပေး၍ ဖွင့်လှစ် နေသည့် KTV၊ အနှိပ်ခန်းနှင့် လိင်ဖျော်ဖြေရေး ဇိမ်ခံခန်း များအား နိုဝင်ဘာလ (၂၆) ရက်နေ့၌ ဖျက်သိမ်းရန် ဒေသ ဆိုင်ရာ ရဲများကပင် ညွှန်ကြား လာမှုကြောင့် ဖျက်သိမ်း ပေးခဲ့ ရကြောင်း ကော့သောင်း မြို့ ပေါ်မှ ဇိမ်ခံခန်း ပိုင်ရှင် တစ်ဦးက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ပြောကြားသည်။
“ဒီအလုပ်တွေ လုပ်တယ် ဆိုတာက သူတို့တွေ ထားလို့ ကျွှန်တော်တို့ နေရတာ၊ ဒါပေမယ့် သူတို့တွေက ဥပဒေနဲ့ အညီ မဟုတ်ပဲ ကျွန်တော်တို့ဆီက လိုင်းကြေး ပိုက်ဆံ တွေလည်း တောင်းနေတယ်၊ ဥပမာ နယ်ထိန်း ခေါင်းဆောင်၊ နယ်ထိန်း တာဝန် ခံတွေ၊ လမ်းမ Incharge အဲလိုမျိုး သုံးသောင်း သုံးသောင်းစီ တစ်ယောက်ကို တစ်လ ဆိုရင် သုံးသိန်းခွဲ လေးသိန်းလောက် ယူပြီးတော့ ဆိုင်တွေကို ဖမ်းလိုက်၊ ဖျက်လိုက်၊ ပြန်ဖွင့် ခိုင်းလိုက် လုပ်နေတယ်” ဟု ဇိမ်ခံခန်း ပိုင်ရှင်က ဆိုသည်။
ထိုသို့ ဖျက်သိမ်းခြင်း ခံရသည့် ဇိမ်ခန်း များမှ အမျိုးသမီး ပြည့်တန်ဆာ များမှာ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက် အလုပ် လုပ်ကိုင် ကြရန် စီစဉ် နေကြောင်း မမြ (အမည်လွှဲ) နှင့် မလှ (အမည်လွှဲ) တို့က ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ပြောကြား ခဲ့သည်။
မမြက “ ကောင်မလေး တွေက ဒီမှာ အလုပ် လုပ်စားလို့ မနိုင်လို့ ဆိုပြီး မြို့ထဲ (ထိုင်းနိုင်ငံ) ကို အလုပ် သွားလုပ်ဖို့ ပြောနေ ကြတယ်” ဟု ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။
“အမှန်အတိုင်း ပြောရရင် သမီးတို့က ဘာမှ လုပ်စား မတတ် ဘူးလေ၊ ဘာမှ မလုပ်စား တတ်တော့ ဒီအလုပ်ပဲ လုပ်စား တတ်လို့ ဒီအလုပ်ပဲ လုပ်စား နေတယ်၊ အခု ဆိုင်တွေ ပိတ်လိုက်ပြီ ဆိုတော့ ဘာလုပ် ရမှန်းကို မသိသေးဘူး ၊ စဉ်းစား ထားတယ်၊ ရနောင်း ဘက်ကမ်းမှာ သူငယ်ချင်းတွေ ရှိတယ် ဆိုတော့ အလုပ် သွားလုပ်ဖို့ စဉ်းစား ထားတယ်” ဟု မလှက ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။
ထိုသို့ ဖျက်သိမ်းရန် ဒေသဆိုင်ရာ အာဏာပိုင် များမှ ညွှန်ကြား လာခြင်းမှာ နိုဝင်ဘာလ (၂၆ ) ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၏ တိုင်းရဲမှူးကြီး ဦးကြည်လင်း ခရီး စဉ်ကြောင့် ဒေသ ဆိုင်ရာ အာဏာပိုင် များမှ ဖျက်သိမ်းရန် ညွှန်ကြား ခဲ့ခြင်း ဖြစ်ကြောင်း ဇိမ်ခံခန်း ပိုင်ရှင်က ဆိုပါသည်။
သို့သော်လည်း ထိုသို့ အထက်မှ ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခြင်း မဟုတ်ပဲ ဒေသတွင်း ဒုစရိုက် လုပ်ငန်း များအား ဖမ်းဆီး ရန်မှာ ရဲ၏ ပင်မ တာဝန် ဝတ္တရားသာ ဖြစ်ကြောင်း ကော့သောင်းမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအေးကြိုင် က ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ပြောသည်။
“ကျနော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ ဘယ်ကတော့ ဘယ်သူ ကတော့ ဘာလုပ် ငန်းကို အကြောင်း ပြပြီး နောက်ကွယ်မှာ ဘာလုပ်ငန်း လုပ်နေတယ် ဆိုပြီး တိတိ ကျကျ သတင်းပေး လာရင်တော့ ဖမ်းရမှာပဲ၊ အထက်က ညွှန်ကြားမှ ဖမ်းရမှာ မဟုတ် ဘူးလေ၊ ဒါတွေက ဒုစရိုက် လုပ်ငန်း ဆိုတာက ဖမ်းရ မှာပဲ၊ ကျနော်တို့ရဲ့ ပင်မ တာဝန်ပဲ၊ သီးခြားကြီး စီမံချက် စွဲနေ စရာလည်း မလိုဘူး” ဟု မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအေးကြိုင်က ပြောသည်။
ထိုကဲ့သို့ ဇိမ်ခန်း တရားဝင် ဖွင့်လှစ်ရန် အတွက် သက်ဆိုင်ရာ အစိုးရမှ တရားဝင် ခွင့်ပြု ပေးထားခြင်း မရှိပဲ စားသောက်ဆိုင် လုပ်ငန်း မှတ်ပုံတင်၍ ဤသို့ လိင်ဖျော်ဖြေရေး ဇိမ်ခန်း လုပ်ငန်း များကို လုပ်ကိုင် နေကြခြင်း ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး၏ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၇) ရက်နေ့၌ တုံ့ပြန် ပြောသည်။
“ကျွန်တော်တို့ နိုင်ငံ မှာတော့ ဇိမ်ခမ်း ဖွင့်ဖို့ တရားဝင် ခွင့်ပြု ပေးတာတော့ မရှိ သေးဘူးဗျ၊ တစ်ခု ရှိတာက စားသောက်ဆိုင် ဖွင့်ဖို့ လိုင်စင် တင်တယ်၊ စားပွဲထိုး အတွက် ဆိုပြီး မိန်းလေးတွေ ခေါ်ခန့်ပြီး Customer တွေကို လိင်ဖျော်ဖြေရေး အတွက် ဝန်ဆောင်မှု ပေးတယ် ဆိုတဲ့ ပုံစံမျိးတွေ လုပ်ကိုင် နေကြ တယ်၊ ဒီလို လုပ်ငန်းတွေ နယ်မြေမှာ ရှိနေရင် ၊ ရဲက သတင်းကြား ရင်တော့ ၊ ဖမ်းနေ မှာပဲပေါ့၊ ဒါကတော့ ရဲအလုပ် ဆိုတော့” ဟု ရဲမှူးကြီး ဦးကြည်လင်းက ပြောသည်။
ဤကဲ့သို့ သက်ဆိုင်ရာ ရဲဒေသ အာဏာပိုင် များမှ ဇိမ်ခန်း ၊ လိင်ဖျော်ဖြေရေး လုပ်ငန်းရှင် များအပေါ် လိုင်းကြေး ယူ၍ လုပ်ကိုင်ခွင့် ပေးနေခြင်းမှာ တနင်္သာရီ တိုင်း၌တင် မဟုတ်ပဲ မွန်ပြည်နယ် ၌လည်း ကျယ်ကျယ် ပြန့်ပြန့် ရှိနေ ကြောင်းလည်း မွန်ပြည်နယ်၌ လှုပ်ရှား နေသည့် အမျိုးသမီးနှင့် ကလေး အခွင့်အရေး အစီအစဉ်မှ တာဝန်ရှိသူ မိထောချမ်းက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၂၇) ရက်နေ့၌ ပြောကြား ခဲ့သည်။
“အဲဒီ အလုပ်လုပ်တဲ့ အမျိုးသမီး တွေကို မေးကြည့်တော့ အာဏာပိုင် တွေကို လိုင်းကြေး ပေးရ သလို၊ တခါ တလေ လိင်ဖျော်ဖြေရေး လုပ်ပေး ရတာလည်း ရှိတယ်၊ ဖမ်းတုန်း ခဏ တချို့ဆိုရင် အလုပ် ကြမ်းတွေ လုပ်ပြီး ခဏ ရှောင်နေတယ်၊ နောက်တော့လည်း ပြန်လုပ် ကြတာပဲ၊ အပြီးအပိုင် ပိတ်လိုက် ရတာ မရှိဘူး” ဟု အမျိုးသမီးနှင့် ကလေး အခွင့် အရေး အစီအစဉ်မှ တာဝန် ရှိသူ မိထောချမ်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။
ဖမ်းဆီးစဉ် ခဏ ၌သာ လုပ်ငန်းအား ပိတ်ပင် ခဲ့သော်လည်း နောက်ပိုင်းတွင် ပုံမှန် လုပ်ကိုင် နေကြကြောင်း မွန်ပြည်နယ် ပြည့်တန်ဆာ လုပ်သား များနှင့် ပတ်သက်၍ ၂၀၁၄ နှစ်ဆန်း၌ အချက်အလက် ကောက်ယူ ခဲ့သည့် မွန်ပြည်နယ်၌ လှုပ်ရှား နေသည့် အမျိုးသမီးနှင့် ကလေး အခွင့်အရေး အစီအစဉ်မှ တာဝန် ရှိသူ မိထောချမ်းက ရှင်းပြသည်။