မြန်မာ့ ငြိမ်းချမ်ရေး လုပ်ငန်းစဉ်နှင့် တိုင်းရင်းသား ကဏ္ဍ ဂျပန် လွှတ်တော်အမတ်များ ဆွေးနွေးပွဲ ပြုလုပ်

မြန်မာ့ ငြိမ်းချမ်ရေး လုပ်ငန်းစဉ်နှင့် တိုင်းရင်းသား ကဏ္ဍ ဂျပန် လွှတ်တော်အမတ်များ ဆွေးနွေးပွဲ ပြုလုပ်
by -
ရွှေဟင်္သာ

မြန်မာ့ တိုင်းရင်းသား အရေးကိစ္စများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အကြောင်း ဂျပန် လွှတ်တော် အမတ်များ ပိုမိုသိရှိ နိုင်ရန် အတွက် ၂၀၁၀ ရာမွန် မက်ဆေးဆေး ဆုရှင် ဒေါ်ဆိုင်းရော်အား ဖိတ်ခေါ်၍ ဂျပန်လွှတ်တော် အမတ်များနှင့် ဂျပန်ရောက် မြန်မာ တိုင်းရင်း သားများ ပါဝင်သည့် ဆွေးနွေးပွဲ တစ်ရပ်အား ကျင်းပခဲ့ကြောင်း ဂျပန် နိုင်ငံရောက် မြန်မာ တိုင်းရင်းသား တစ်ဦး ဖြစ်သည့် ကိုမိုင်း ကျော်ဦးက ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

“အဓိက ကတော့ မြန်မာပြည်မှာ အခု ငြိမ်းချမ်ရေး လုပ်ငန်းစဉ်တွေ ရပ်တန့် နေတယ်၊ လုပ်ဆောင်တဲ့ နေရာမှာ ဘယ်လို အခက်အခဲတွေ ရှိလဲ၊ ဂျပန် အပါအဝင် နိုင်ငံ တကာက အကူအညီ ဝင်နေပေမယ့် G to G အစိုးရ ကနေ အစိုးရကို တိုက်ရိုက် သွားတာ မျိုးတွေ များတယ်၊ တကယ့်ကို လိုအပ်တဲ့ နေရာတွေ ဥပမာ အစိုးရ မဟုတ်တဲ့ လူမှု အဖွဲ့အစည်း တွေကနေ တဆင့် တိုက်ရိုက် ပေးအပ်ပြီး အကောင်အထည် ဖော်ဖို့ ဆွေးနွေး ခဲ့တယ်” ဟု ကိုမိုင်းကျော်ဦးက ပြောသည်။

phophtaw-n-20-01

ထိုဆွေးနွေး ပွဲ၌ ဒေါ်ဆိုင်းရော်မှ ပြည်တွင်း၌ လက်ရှိ မြန်မာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား အကောင်အထည် ဖော်နေသည့် ပြည်တွင်း ငြိမ်းချမ်ရေး လုပ်ငန်းစဉ် များ၏ အခက်အခဲ များအကြောင်း စာတမ်းငယ် ဖတ်ကြားကာ တင်သွင်း ခဲ့ကြကာ ထိုစာတမ်း အပေါ် တက်ရောက် လာသည့် ဂျပန် လွှတ်တော် အမတ်များက ဆွေးနွေး မေးမြန်း ခဲ့ကြသည်။

ဂျပန် အစိုးရ အနေဖြင့် မြန်မာ့ ပြည်တွင်း ပြသနာ ပြေလည်ရေး အတွက် တိုင်းရင်းသား အခန်းကဏ္ဍ၏ အရေးကြီး မှုအား အသိအမှတ် ပြုကာ ဆက်လက်၍ ထိထိ ရောက်ရောက် အကူအညီ ပေးနိုင်ရန် နည်းလမ်း ရှာလို၍ ယခု ကဲ့သို့ တွေ့ဆုံပွဲအား စီစဉ် ခဲ့ခြင်း ဖြစ်ကြောင်းလည်း NOP Peace (Nonprofit Organization for Peace) ဒါရိုက်တာ အဖွဲ့ဝင် တဦး ဖြစ်သည့် ဒေါ်မရစ်ဆန်ဘူ (Marig Seng Bu) ကလည်း ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၁၈) ရက်နေ့၌ ပြောကြား ခဲ့သည်။

“မြန်မာ နိုင်ငံမှာ တိုင်းရင်းသားတွေရဲ့ ကဏ္ဍက အရေးကြီး တာကြောင့် တိုင်းရင်းသား တွေနဲ့ အစိုးရ ဆွေးနွေးပွဲ တွေကို တစ်ကယ်ပဲ ထိထိ ရောက်ရောက် ဆွေးနွေးဖို့ ၊ ဂျပန် အစိုးရ တိုင်းရင်သား တွေကို ဆက်လက် အကူအညီ ပေးဖို့၊ ဂျပန် အစိုးရ အနေနဲ့ တိုင်းရင်းသား အရေးကို အထူး စိတ်ဝင် တစားနဲ့ တစ်ကယ်ပဲ ကြိုးပမ်း နေပါတယ်” ဟု ဒေါ်မရစ် ဆန်ဘူ (Marig Seng Bu) က ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအား မြန်မာ့ ဒီမိုကရေစီ အရေး အကူအညီ ပေးရေး ဂျပန် လွှတ်တော် အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ နာဂါဆာဝါ မဆာဟာရူးမှ ကမကထ ပြုလုပ်ကာ၊ မြန်မာ့ ငြိမ်းချမ်ရေး အတွက် ဂျပန် နိုင်ငံရောက် မြန်မာ တိုင်းရင်းသားများ စုပေါင်း ဖွဲ့စည်း ထားသည့် NOP Peace (Nonprofit Organization for Peace) အဖွဲ့တို့၏ စုပေါင်း စီစဉ် မှုဖြင့် ပြုလုပ် ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နှင့် (၁၃) ရက်နေ့ များတွင် မြန်မာ နိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီး အစည်း အဝေးအား ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး လာပြီး တက်ရောက် ခဲ့စဉ် ၌လည်း မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ သီးသန့် တွေ့ဆုံ ခဲ့ပြီး ငြိမ်းချမ်ရေး တည်ဆောက်မှု လုပ်ငန်းစဉ်များ ဆက်လက် အကောင်အထည် ဖော်ရန်နှင့် တိုင်းရင်းသား ကဏ္ဍအား ဂျပန် အစိုးရမှ ဆက်လက် အကူအညီ ပေးနိုင်ရေး ဆွေးနွေး ခဲ့ကြောင်း မစ္စတာ နာဂါဆာဝါ မဆာဟာရူးမှ တွေ့ဆုံ ပွဲတွင် တင်ပြ ခဲ့ကြောင်း ဒေါ်မရစ်ဆန်ဘူ (Marig Seng Bu) က ဆက်ပြောသည်။

မြန်မာ့ ဒီမိုကရေစီ အရေး အကူအညီ ပေးရေး ဂျပန် လွှတ်တော် အမတ်များ သမဂ္ဂ ဥက္ကဋ္ဌ မစ္စတာ နာဂါဆာဝါ မဆာ ဟာရူးသည် ယခင် ဂျပန် အစိုးရ သက်တမ်း များ၍ ပညာရေး ဝန်ကြီး ဌာန ဝန်ကြီး အဖြင့် တာဝန်ယူ ခဲ့ဖူးကာ မြန်မာနိုင်ငံ တိုင်းရင်းသား အရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် နိုင်ရန် အတွက် ဂျပန် လွှတ်တော်၌ တက်ကြွှ လှုပ်ရှား ဆွေးနွေးသူ တစ်ဦးလည်း ဖြစ်သည်။

အောက်တိုဘာလ (၁၇) ရက်နေ့၌ ဂျပန် နိုင်ငံ တိုကျိုမြို့ ဂျပန် အောက်လွှတ်တော် ခန်းမ အစည်းအဝေး ခန်းမ၌ ကျင်းပ ခဲ့သည့် အဆိုပါ ဆွေးနွေး ပွဲအား ဂျပန် အထက်/ အောက် လွှတ်တော် အမတ်များနှင့် ဂျပန် နိုင်ငံခြားရေး ဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ Japan International Cooperation Agency - JICA မှ တာဝန် ရှိသူများ ၊ ဂျပန်နိုင်ငံရောက် မြန်မာ တိုင်းရင်း သားများ စုစုပေါင်း (၁၀၀) နီးပါး တက်ရောက် ခဲ့ကြသည်။